လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြူတာ၊ မဲတာ၊ ဝတာ၊ ပိန်တာ ကို အမြင်အားဖြင့်ခွဲခြား သိနိုင်ပေမယ့်၊ စိတ်ပိုင်းဆိုင်ရာ နှင့်ပတ်သက်ပြီး ခွဲခြားသိနိုင်ဖို့ ခက်ခဲတယ်။ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အခြားသူတစ်ယောက်က ဝေဖန်တဲ့အခါမှာ ဝေဖန်တဲ့လူမှာလည်း သူဝေဖန်လိုက်တဲ့လူနှင့် တူညီတဲ့ စိတ်အခံရှိနေတတ်တယ်လို့ ယူဆတယ်။ ဝေဖန်တယ်ဆိုတာ အပြုသဘောမဆောင်တဲ့ ဝေဖန်ခြင်းမျိုးကိုပြောတာပါ။ တစ်ချို့လည်း မိမိကိုယ်ကို၊ သူတစ်ပါး သနားအောင်ဖြစ်ဖြစ်၊ အထင်ကြီးအောင်ဖြစ်ဖြစ်၊ စိတ်ကသိကအောင့်ဖြစ်အောင် ဖြစ်ဖြစ်၊ အမြဲလိုလို ပြုမူ၊ ပြောဆိုလေ့ရှိကြတယ်။ ဒါမျိုးတွေကို ဖေ့ဘွတ်ထဲက အချို့ပို့စ်တွေ၊ ကွန့်မန့်တွေကိုကြည့်ရင်တွေ့နိုင်တယ်။ ဖေ့ဘွတ်ထဲမှာ မိမိအကြောင်းနှင့်ပတ်သက်ပြီး ပြောဆိုတာမျိုးတွေဖြစ်တဲ့ "ငါ ဘယ်လိုစားတယ်၊ ငါ ဘယ်လိုနေတယ်၊ ငါ ဘယ်လိုပျော်တယ်၊ ငါ ဘယ်သူတွေနှင့် ပေါင်းသင်းနေတယ်၊ ငါ ရိုးသားတယ်၊ ငါ မနာလိုမဖြစ်ဘူး" စသည့်ဖြင့် မြင်တွေ့နိုင်တယ်။ ငယ်စဉ်က မိသားစုမှာငွေကြေး ချို့တဲ့ခဲ့ရင်၊ တစ်ပါးသူအထင်သေးမှာ ကြောက်တဲ့စိတ်၊ မနာလိုစိတ်၊ အမြင်နှင့် အထင်ကြီးစိတ်၊ မိမိကို သနားစေချင်တဲ့စိတ်၊ ကြွားဝါချင်တဲ့စိတ် စသည်ဖြင့် အနည်းအများ ရှိခဲ့ကြတယ်။ ငွေကြေး ချမ်းသာခဲ့ရင် (သို့) အသင့်အတင့်ရှိခဲ့ရင်လည်း တစ်ပါးသူကို အလွယ်တကူ အထင်သေးစိတ်၊ မောက်မာပြီး မာနကြီးတဲ့စိတ်၊ အရာရာကို ပေါ့ပေါ့တန်တန် သဘောထားတဲ့စိတ်၊ အလိုလောဘစိတ် စသည်ဖြင့် အနည်းအများ ရှိခဲ့ကြတယ်။ ဒါတွေဟာ တကယ်တော့ ပတ်ဝန်းကျင်ကြောင့် မိမိစိတ်အခံမှာ ကူးစပ်ခဲ့မှုတွေ၊ စိတ်ဒဏ်ရာတွေနှင့် ဗီဇတွေကြောင့်လို့ ယူဆတယ်။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ဆိုတာကလည်း မိမိတို့ပြောဆို၊ ပြုမူနေတဲ့ အချို့အရာတွေဟာ ငယ်ရွယ်သူတွေ အတုယူသွားနိုင်လား၊ အခြားသူတွေ စိတ်ဒဏ်ရာရစေနိုင်လား ဆိုတာမျိုးတွေကို သူတို့ကိုယ်တိုင်တောင် မသိတဲ့လူမျိုးတွေ အများအပြားတွေ့ဖူးတယ်။ ပြင်ပရုပ်ပိုင်းဆိုင်ရာ ထိခိုက်မိလို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို မြင်နိုင်ပေမယ့်၊ စိတ်ပိုင်းဆိုင်ရာရရှိခဲ့တဲ့ ဒဏ်ရာတွေကို မမြင်နိုင်သလို မိမိတို့ကိုယ်တိုင်တောင် မသိခဲ့တာမျိုးတွေလည်း ရှိတယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဒီဒဏ်ရာတွေဟာ လူရယ်လို့ဖြစ်လာရင် ကလေးအရွယ်ကစပြီး၊ အသက်ကြီးတဲ့အချိန်အထိ အချိန်မရွေးဖြစ်နိုင်တယ်။ ကလေးအရွယ်မှာ ဒီဒဏ်ရာတွေမဖြစ်ဖို့ ဘိုးဘွား၊ မိဘ၊ ဦးလေး၊ အဒေါ်၊ ညီကိုမောင်နှစ်မ စတာတွေမှာ အဓိကတာဝန်ရှိတယ်။ ငယ်ရွယ်စဉ်မှာပတ်ဝန်းကျင်က ပုံသွင်းပေးလိုက်တဲ့ စိတ်ဓါတ်အခံတွေ၊ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေနှင့် ဗီဇတွေပေါ်မူတည်ပြီး အသက်ကြီးလာတဲ့အခါ ပတ်ဝန်းကျင်ကို ပြုမူဆက်ဆံလေ့ရှိကြတယ်။ အဲ့ဒါကြောင့် လူအများအမြင်မှာ၊ ရိုင်းတယ်၊ ဆိုးတယ်၊ ယဉ်ကျေးတယ်၊ လိမ္မာတယ်၊ မနာလိုဖြစ်တယ်၊ မောက်မာတယ်၊ ကြွားဝါတယ် စသည်ဖြင့် ဖြစ်လာခဲ့တယ်။ အဲ့ဒါကြောင့် ပတ်ဝန်းကျင်ကောင်းဖို့ အရေးကြီးတယ်လို့ ပြောလေ့ရှိကြသလို၊ ဗီဇကောင်းဖို့လည်းလိုတယ်လို့ ပြောလေ့ရှိကြတယ်။ ဗီဇကောင်းခဲ့ရင် ပတ်ဝန်းကျင်က အတွေ့အကြုံနှင့် ကြိုးစားအားထုတ်မှုတွေကနေ အသိ၊အမြင်တွေ ရနိုင်တယ်။ ဗီဇလည်းကောင်းတယ် သို့သော် ပတ်ဝန်းကျင်က အတွေ့အကြုံတွေကို သင်ယူရမှန်းလည်းမသိခဲ့ဘူး၊ ကြိုးစားအားထုတ်မှုလည်း မရှိခဲ့ဘူးဆိုရင် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ ပြောင်းမှာမဟုတ်သလို၊ ဗီဇမကောင်းခဲ့ရင်လည်း ထိုနည်းတူစွာပဲ ပြောင်းလဲမှာမဟုတ်ဘူး။ ဘယ်သူပဲပြောင်းလဲဖို့ပြောပြော ပြောင်းလဲဖို့ခဲယဉ်းတယ်။ အသက်ကြီးတဲ့အချိန်မှာ ကြုံတွေ့ရမယ့် ပြဿနာ၊ အရေးကိစ္စတွေဟာ ငယ်စဉ်ကထက် ပိုကြီးမားတဲ့အတွက် စိတ်ဒဏ်ရာရခဲ့ရင်လည်း ပိုကြီးမားနိုင်တယ်၊ စိတ်အမာရွတ်လည်း ကြီးကြီးမားမား ကျန်ခဲ့နိင်တယ်။ ပြဿနာ၊ အရေးကိစ္စ ဆိုတာမျိုးကလည်း မမျှော်လင့်ပဲ ရောက်လာလေ့တယ်။ ရောက်လာခဲ့ရင်လည်း စိတ်ဒဏ်ရာကြောင့်၊ ရုပ်မှာဖြစ်ဖြစ်၊ ရုပ်ဒဏ်ရာကြောင့် စိတ်မှာပါဖြစ်ဖြစ် ထပ်ဆင့် ဒဏ်ရာရသွားတာမျိုးတွေလည်း ရှိတယ်။ ဘဝအချိုးအကွေ့မှာ ကြီးမားတဲ့ ပြဿနာ၊ အရေးကိစ္စတွေကြုံတွေ့ဖူးတဲ့လူတိုင်း ခဏတော့ ယိုင်နဲ့သွားကြတယ်။ ပြန်တည့်မတ်ပြီး ရှေ့ဆက်သွားနေစေဦးတော့ အမာရွတ်ကတော့ ကျန်နေဆဲပဲ။ ဒီအမာရွတ်တွေဟာ နောင်ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာတွေကို ကာကွယ်ပေးနိုင်တဲ့ တံတိုင်းတွေလိုပဲဖြစ်တယ်။ ဒီတံတိုင်းတွေကြောင့်ပဲ လောကဓံဆိုတာကို ကြံ့ကြံ့ခံနိုင်လာတာမျိုးတွေ ဖြစ်လာကြတယ်။ တကယ့်စစ်မှန်တဲ့ ကိုယ်ချင်းစာစိတ်ဆိုတာ စိတ်အမာရွတ်ကျန်ခဲ့တဲ့သူအချင်းချင်းမှာမှ ရှိနိုင်တာမျိုးပါ။
Jan 30, 2017
စိတ်အမာရွတ်
မှတ်စုရေးသူအကြောင်း
sagaing / Software Engineer
နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။
Subscribe to:
Post Comments (Atom)
ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.
0 ခုမှတ်ချက်ပေးထားတယ်။:
Post a Comment