Showing posts with label အတွေးအမြင်၊ ဒဿန. Show all posts
Showing posts with label အတွေးအမြင်၊ ဒဿန. Show all posts

May 7, 2017

ကျွန်တော်တို့ Root Cause (အကြောင်းရင်း) တွေကို ရှာကြရအောင်...

sagaing

ကျွန်တော့်အလုပ်နယ်ပယ်ထဲမှာ Software ဖန်တီးထုတ်လုပ်တဲ့အခါမှာ (သို့) ထုတ်လုပ်ထားတဲ့ Software မှာ Issue (အကြောင်းကိစ္စ) တစ်ခုဖြစ်တယ် (သို့) ရှိလာပြီဆိုရင် အဲ့ဒီ Issue ရဲ့ Root Cause ကိုရှာဖွေလေ့ရှိကြတယ်။  Root Cause ကို သေချာမရှာပဲ (သို့) မတွေ့ပဲနှင့် မိမိစိတ်ထင်တဲ့နေရာကိုပဲ Fix (ပြင်) လိုက်တယ်ဆိုရင် အဲ့ဒီ Software ဟာ အလုပ်လုပ်သလိုတော့ရှိပေမယ့် အခြားနေရာမှာ တခြား Issue တွေထပ်ဖြစ်လာလေ့ရှိတယ်။  လက်ရှိ ကျွန်တော်အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ အိန္ဒိယ ၄ ယောက်နှင့်တွဲလုပ်ရတယ်။  အဲ့ဒီမှာ ပြဿနာကဘာလည်းဆိုတော့ အဲ့ဒီ ၄ ယောက်မှာ ၂ ယောက်က Issue တွေတော်တော်များများကို ပြင်ရင် Root Cause ကိုသေချာမရှာပဲ ​ပြင်လေ့ရှိကြတာပဲဖြစ်တယ်။  အခြား Issue တွေဖြစ်လာရင် သူပြင်ထားတာကြောင့်ဖြစ်တာမဟုတ်ဘူး သူ့ကြောင့်ဖြစ်တာ စသည်ဖြင့် အပြစ်လွှဲချလေ့ရှိတယ်။  အဲ့ဒီအတွက် စကားအပိုတွေလည်း ပြောရသလို၊ လုပ်ငန်းလည်းမတွင်ကျယ်ဘူး။  (ကြုံတုန်းပြောရရင် လက်ရှိကျွန်တော်တို့ ရုံးမှာအလုပ်လုပ်နေတဲ့ အိန္ဒိယတွေဟာ တွတ်တီးတွတ်တာ ပြောတတ်တာကလွဲလို့ မြန်မာတွေနှင့် ပြည်ကြီးတရုတ်တွေလောက် လုပ်ငန်းမတွင်ကျယ်တာတော့ အမှန်ပဲ။)  လက်ရှိကျွန်တော်တို့နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ Issue တွေနှင့်ပတ်သက်ပြီး မနက်လင်းလို့ ဖေ့ဘွတ်ဖွင့်ကြည့်လိုက်တာနဲ့ လူတိုင်းအလွယ်တကူသိနိုင်သလို၊ အလွယ်တကူလည်း ပြန်ပြောနိုင်တဲ့ခေတ်ဖြစ်တာကြောင့်၊ ပြောဆိုကြတဲ့အခါမှာ Root Cause (အကြောင်းရင်း) ကို မရှာဖွေပဲ (သို့) မမြင်ပဲ ပြောနေကြတာတွေပဲ အများဆုံးတွေ့ရတယ်။  တကယ်တော့ ပြည်တွင်းမှာရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း Root Cause ကို သေချာမရှာဖွေပဲ (သို့) သေချာမမြင်ပဲ လုပ်ဆောင်နေတာတွေ တော်တော်များများတွေ့နိုင်တယ်။  ဥပမာ ဆရာဝန်တစ်ယောက်က လူနာကြည့်တဲ့အခါ လူနာကကိုယ်လက်တွေ ဖောရောင်နေတယ်၊ သွေးပေါင်ချိန်ကြည့်မယ်၊ သွေးပေါင်ချိန်ကတက်နေမယ်၊ သေချာတယ် အဲ့ဒီလူနာကို သွေးကျဆေးတွေပေးလိုက်မယ်။  စသည်ဖြင့် Root Cause ကိုသေချာမရှာပဲ ကုသနေတာမျိုးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း မြင်တွေ့နိုင်တယ်။  သက်ငယ်မုဒိမ်းမှုတွေဖြစ်တယ်၊ ဖေ့ဘွတ်မှာ မုဒိမ်းလုပ်တဲ့သူကို ဆဲကြဆိုကြတယ်၊ သတ်ချင်ကြတယ်။  တစ်ပတ်လောက်နေရင်  သွေးအေးသွားပြန်ရော...၊ အခုဆိုရင် လူယက်မှု၊ လူသတ်မှုတွေမှာ မြင်ရ၊ ကြားရသလောက် လူငယ်တွေအများဆုံး ဖြစ်နေတာတွေ့ရတယ်။  လူယက်တဲ့သူ၊​ လူသတ်တဲ့လူကို ဖမ်းမိတဲ့သတင်း ပုံနှင့်တစ်ကွ ဖေ့ဘွတ်မှာ တက်လာပြီဆိုရင် ဖေ့ဘွတ်ထဲမှာ အပြစ်ဆိုကြမယ်၊ ဆဲကြမယ်၊ သတ်ချင်ကြမယ်။  Exo အဖွဲ့လာတယ်၊ မတွေ့လိုက်ရလို့ ငိုကြ၊ ယိုကြတဲ့သူတွေကို အပြစ်တင်မယ်၊ ဟားတိုက်ကြမယ်။  စတာတွေကိုကြည့်ချင်းအားဖြင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ Root Cause (အကြောင်းရင်း) ကိုရှာဖွေမှု၊ မြင်နိုင်မှု စွမ်းရည်တွေ အင်မတန်အားနည်းနေတာကို တွေ့နိုင်ပါတယ်။  တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ဒီလိုစွမ်းရည်တွေ ကျဆင်းရခြင်းရဲ့ Root Cause (အကြောင်းရင်း) က ကြီးပြင်းခဲ့တဲ့ လူ့အသိုင်းအဝိုင်းနှင့် ပညာရေးစနစ်တွေကြောင့်လို့ ပြောလို့ရပါတယ်။  ကြံ့ခိုင်ပြီး ကျမ္မာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရဖို့ လေ့ကျင့်ခန်းတစ်မျိုးတည်းနှင့် မဟုတ်ပဲ အစားအသောက်နှင့်ပါ အနည်းဆုံး ၆ လလောက်ထိန်းညှိမှရသလိုမျိုးပဲ၊ စိတ်ဓါတ်မြင့်မားပြီး တိုးတက်တဲ့ လူမှုအသိုင်းအဝန်းဖြစ်အောင် အစိုးရနှင့် ပြည်သူပြည်သားတွေ ပူးပေါင်းထိန်းညှိမှရမှာဖြစ်ပါတယ်။  အဲ့ဒီအတွက် ကျွန်တော်တို့ နောင် ၆ နှစ်လည်းဖြစ်ချင်ဖြစ်မယ်၊ နောင် နှစ် ၆၀ လည်းဖြစ်ချင်ဖြစ်မယ်... အဲ့ဒါကြောင့် ကျွန်တော်တို့ Root Cause (အကြောင်းရင်း) တွေကို ရှာကြရအောင်...

(ပုံမှာ Herding Cats မှဖြစ်ပါသည်။)

ကိုစစ်ကိုင်း

Jan 30, 2017

စိတ်အမာရွတ်

sagaing
လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြူတာ၊ မဲတာ၊ ဝတာ၊ ပိန်တာ ကို အမြင်အားဖြင့်ခွဲခြား သိနိုင်ပေမယ့်၊ စိတ်ပိုင်းဆိုင်ရာ နှင့်ပတ်သက်ပြီး ခွဲခြားသိနိုင်ဖို့ ခက်ခဲတယ်။  လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အခြားသူတစ်ယောက်က ဝေဖန်တဲ့အခါမှာ ဝေဖန်တဲ့လူမှာလည်း သူဝေဖန်လိုက်တဲ့လူနှင့် တူညီတဲ့ စိတ်အခံရှိနေတတ်တယ်လို့ ယူဆတယ်။ ဝေဖန်တယ်ဆိုတာ အပြုသဘောမဆောင်တဲ့ ဝေဖန်ခြင်းမျိုးကိုပြောတာပါ။  တစ်ချို့လည်း မိမိကိုယ်ကို၊ သူတစ်ပါး သနားအောင်ဖြစ်ဖြစ်၊ အထင်ကြီးအောင်ဖြစ်ဖြစ်၊ စိတ်ကသိကအောင့်ဖြစ်အောင် ဖြစ်ဖြစ်၊ အမြဲလိုလို ပြုမူ၊ ပြောဆိုလေ့ရှိကြတယ်။  ဒါမျိုးတွေကို ဖေ့ဘွတ်ထဲက အချို့ပို့စ်တွေ၊ ကွန့်မန့်တွေကိုကြည့်ရင်တွေ့နိုင်တယ်။  ဖေ့ဘွတ်ထဲမှာ မိမိအကြောင်းနှင့်ပတ်သက်ပြီး ပြောဆိုတာမျိုးတွေဖြစ်တဲ့ "ငါ ဘယ်လိုစားတယ်၊ ငါ ဘယ်လိုနေတယ်၊ ငါ ဘယ်လိုပျော်တယ်၊ ငါ ဘယ်သူတွေနှင့် ပေါင်းသင်းနေတယ်၊ ငါ ရိုးသားတယ်၊ ငါ မနာလိုမဖြစ်ဘူး" စသည့်ဖြင့် မြင်တွေ့နိုင်တယ်။ ငယ်စဉ်က မိသားစုမှာငွေကြေး ချို့တဲ့ခဲ့ရင်၊ တစ်ပါးသူအထင်သေးမှာ ကြောက်တဲ့စိတ်၊  မနာလိုစိတ်၊ အမြင်နှင့် အထင်ကြီးစိတ်၊ မိမိကို သနားစေချင်တဲ့စိတ်၊ ကြွားဝါချင်တဲ့စိတ် စသည်ဖြင့် အနည်းအများ ရှိခဲ့ကြတယ်။  ငွေကြေး ချမ်းသာခဲ့ရင် (သို့) အသင့်အတင့်ရှိခဲ့ရင်လည်း တစ်ပါးသူကို အလွယ်တကူ အထင်သေးစိတ်၊ မောက်မာပြီး မာနကြီးတဲ့စိတ်၊ အရာရာကို ပေါ့ပေါ့တန်တန် သဘောထားတဲ့စိတ်၊ အလိုလောဘစိတ် စသည်ဖြင့် အနည်းအများ ရှိခဲ့ကြတယ်။ ဒါတွေဟာ တကယ်တော့ ပတ်ဝန်းကျင်ကြောင့် မိမိစိတ်အခံမှာ ကူးစပ်ခဲ့မှုတွေ၊ စိတ်ဒဏ်ရာတွေနှင့် ဗီဇတွေကြောင့်လို့ ယူဆတယ်။  ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ဆိုတာကလည်း မိမိတို့ပြောဆို၊ ပြုမူနေတဲ့ အချို့အရာတွေဟာ ငယ်ရွယ်သူတွေ အတုယူသွားနိုင်လား၊ အခြားသူတွေ စိတ်ဒဏ်ရာရစေနိုင်လား ဆိုတာမျိုးတွေကို သူတို့ကိုယ်တိုင်တောင် မသိတဲ့လူမျိုးတွေ အများအပြားတွေ့ဖူးတယ်။  ပြင်ပရုပ်ပိုင်းဆိုင်ရာ ထိခိုက်မိလို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို မြင်နိုင်ပေမယ့်၊ စိတ်ပိုင်းဆိုင်ရာရရှိခဲ့တဲ့ ဒဏ်ရာတွေကို မမြင်နိုင်သလို မိမိတို့ကိုယ်တိုင်တောင် မသိခဲ့တာမျိုးတွေလည်း ရှိတယ်။  တကယ်တော့ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဒီဒဏ်ရာတွေဟာ လူရယ်လို့ဖြစ်လာရင် ကလေးအရွယ်ကစပြီး၊ အသက်ကြီးတဲ့အချိန်အထိ အချိန်မရွေးဖြစ်နိုင်တယ်။  ကလေးအရွယ်မှာ ဒီဒဏ်ရာတွေမဖြစ်ဖို့ ဘိုးဘွား၊ မိဘ၊ ဦးလေး၊ အဒေါ်၊ ညီကိုမောင်နှစ်မ စတာတွေမှာ အဓိကတာဝန်ရှိတယ်။  ငယ်ရွယ်စဉ်မှာပတ်ဝန်းကျင်က ပုံသွင်းပေးလိုက်တဲ့ စိတ်ဓါတ်အခံတွေ၊ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေနှင့် ဗီဇတွေပေါ်မူတည်ပြီး အသက်ကြီးလာတဲ့အခါ ပတ်ဝန်းကျင်ကို ပြုမူဆက်ဆံလေ့ရှိကြတယ်။  အဲ့ဒါကြောင့် လူအများအမြင်မှာ၊ ရိုင်းတယ်၊ ဆိုးတယ်၊ ယဉ်ကျေးတယ်၊ လိမ္မာတယ်၊ မနာလိုဖြစ်တယ်၊ မောက်မာတယ်၊ ကြွားဝါတယ် စသည်ဖြင့် ဖြစ်လာခဲ့တယ်။ အဲ့ဒါကြောင့် ပတ်ဝန်းကျင်ကောင်းဖို့ အရေးကြီးတယ်လို့ ပြောလေ့ရှိကြသလို၊ ဗီဇကောင်းဖို့လည်းလိုတယ်လို့ ပြောလေ့ရှိကြတယ်။  ဗီဇကောင်းခဲ့ရင် ပတ်ဝန်းကျင်က အတွေ့အကြုံနှင့် ကြိုးစားအားထုတ်မှုတွေကနေ အသိ၊အမြင်တွေ ရနိုင်တယ်။ ဗီဇလည်းကောင်းတယ် သို့သော် ပတ်ဝန်းကျင်က အတွေ့အကြုံတွေကို သင်ယူရမှန်းလည်းမသိခဲ့ဘူး၊ ကြိုးစားအားထုတ်မှုလည်း မရှိခဲ့ဘူးဆိုရင် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ ပြောင်းမှာမဟုတ်သလို၊ ဗီဇမကောင်းခဲ့ရင်လည်း ထိုနည်းတူစွာပဲ ပြောင်းလဲမှာမဟုတ်ဘူး။ ဘယ်သူပဲပြောင်းလဲဖို့ပြောပြော ပြောင်းလဲဖို့ခဲယဉ်းတယ်။  အသက်ကြီးတဲ့အချိန်မှာ ကြုံတွေ့ရမယ့် ပြဿနာ၊ အရေးကိစ္စတွေဟာ ငယ်စဉ်ကထက် ပိုကြီးမားတဲ့အတွက် စိတ်ဒဏ်ရာရခဲ့ရင်လည်း ပိုကြီးမားနိုင်တယ်၊ စိတ်အမာရွတ်လည်း ကြီးကြီးမားမား ကျန်ခဲ့နိင်တယ်။ ပြဿနာ၊ အရေးကိစ္စ ဆိုတာမျိုးကလည်း မမျှော်လင့်ပဲ ရောက်လာလေ့တယ်။  ရောက်လာခဲ့ရင်လည်း စိတ်ဒဏ်ရာကြောင့်၊ ရုပ်မှာဖြစ်ဖြစ်၊ ရုပ်ဒဏ်ရာကြောင့် စိတ်မှာပါဖြစ်ဖြစ် ထပ်ဆင့် ဒဏ်ရာရသွားတာမျိုးတွေလည်း ရှိတယ်။ ဘဝအချိုးအကွေ့မှာ ကြီးမားတဲ့ ပြဿနာ၊ အရေးကိစ္စတွေကြုံတွေ့ဖူးတဲ့လူတိုင်း ခဏတော့ ယိုင်နဲ့သွားကြတယ်။  ပြန်တည့်မတ်ပြီး ရှေ့ဆက်သွားနေစေဦးတော့ အမာရွတ်ကတော့ ကျန်နေဆဲပဲ။  ဒီအမာရွတ်တွေဟာ နောင်ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာတွေကို ကာကွယ်ပေးနိုင်တဲ့ တံတိုင်းတွေလိုပဲဖြစ်တယ်။  ဒီတံတိုင်းတွေကြောင့်ပဲ လောကဓံဆိုတာကို ကြံ့ကြံ့ခံနိုင်လာတာမျိုးတွေ ဖြစ်လာကြတယ်။ တကယ့်စစ်မှန်တဲ့ ကိုယ်ချင်းစာစိတ်ဆိုတာ စိတ်အမာရွတ်ကျန်ခဲ့တဲ့သူအချင်းချင်းမှာမှ ရှိနိုင်တာမျိုးပါ။

Jan 19, 2017

စန်းပွင့်ခြင်း

sagaing
ပတ်ဝန်းကျင်မှာကြားဖူးနေကြ စကားတစ်ခုဖြစ်တဲ့ စန်းပွင့်တယ်ဆိုတာဟာ တကယ်တော့ပတ်ဝန်းကျင်လှုံ့ဆော်မှုတွေကြောင့် ဖြစ်လာတယ်လို့ယူဆတယ်။  လှုံ့ဆောင်မှုဆိုတဲ့နေရာမှာ တစ်စုံတစ်ယောက်ကနေပြီး၊ တစ်စုံတစ်ယောက်ကို တိုက်ခိုက်လိုက်လျှင်သော်လည်းကောင်း၊ ချီးမွှန်းလိုက်လျှင်သော်လည်းကောင်း၊ ဖြစ်ပေါ်လာလေ့ရှိတယ်။  စီးပွားရေးလုပ်ငန်းတွေမှာလည်း မိမိထုတ်ကုန်၊ အမှတ်တံဆိပ် စတာတွေကို စျေးကွက်ထဲမှာ စန်းပွင့်ဖို့အတွက် နည်းမျိုးစုံသုံးပြီး လုပ်လေ့ရှိကြပေမယ့်၊ တခါတလေမှာ သွယ်ဝိုက်ပြီးလည်း စန်းပွင့်လာတာမျိုးလည်းရှိတယ်။ တကယ်တမ်း ရေရှည်စန်းပွင့်နေဖို့အတွက်၊ အဆုံးအဖြတ်ပေးမှာကတော့ စားသုံးသူတွေပဲဖြစ်တယ်။  YBS ဘတ်စ်ကားတစ်စင်းမှာ အိုခေဒေါ်လာ ကြော်ငြာကပ်ထားတာကို အိုခေဒေါ်လာဆိုတာ မသိတဲ့လူတစ်ယောက်က အဲ့ဒီ ဘတ်စ်ကားရဲ့ ငွေပေးချေမှုနှင့်ပတ်သက်ပြီး ဆိုရှယ်နက်ဝပ်မှာ ဝေဖန်မှုလုပ်လိုက်တဲ့အခါမှာ၊ သူလိုပဲမသိတဲ့သူတွေက အဲ့ဒီပို့စ်ကို၊ Like ကြတယ်၊ Share ကြတယ်။  နောက်တော့ အိုခေဒေါ်လာဆိုတာ သိတဲ့လူတွေယောက်က အဲ့ဒီပို့စ်ကို Screenshot လုပ်ပြီး ဒါကဒီလိုပါဆိုပြီးပို့စ်တင်တယ်။ ဒီဖြစ်စဉ်မှာ အိုခေဒေါ်လာဟာ ဆိုရှယ်နက်ဝပ်ကနေ သွယ်ဝိုက်တဲ့နည်းနှင့်ပိုမိုစန်းပွင့်သွားခြင်းပဲဖြစ်တယ်။  အဲ့ဒီလိုဖြစ်စဉ်တွေကို တစ်ချို့က တမင်တကာလုပ်ယူတာမျိုးလည်းရှိတယ်။  အင်တာနက်အသုံးပြုနေတဲ့ လူတွေကြားထဲမှာ စိတ်ခံစားချက်တစ်ခုခုဖြစ်အောင် လှုံ့ဆော်ရေးသားမှုတွေကို Internet Troll လို့ခေါ်တယ်။ Internet Troll လုပ်လိုက်တဲ့ ပို့စ်တွေ၊ ကွန်မန့်တွေကြောင့် အင်တာနက်အသုံးပြုသူတွေ ကြားထဲမှာ အငြင်းအခုံတွေ၊ မကျေနပ်ချက်တွေ ဖြစ်လေ့ရှိကြတယ်။  အဲ့ဒီပို့စ်၊ ကွန်မန့်တွေရဲ့ အကြောင်းအရာကို သေချာမသိတဲ့သူတွေ၊ ယောင်တောင်ပေါင်တောင်သူတွေ၊ သိပေမယ့်လည်း ပြဿနာပိုကြီးထွားလာစေချင်သူတွေ၊ နာမည်ကြီးချင်သူတွေ၊ စသည့်လူတွေက Like ကြတယ်၊ Share ကြတယ်။  သိတဲ့သူတွေကလည်း အကျိုးအကြောင်းနှင့် ပြန်ပြောတဲ့ပို့စ်တွေ၊ ကွန်မန့်တွေ ပြန်တင်ကြတယ်။ တစ်ချို့လည်းစိတ်ခံစားချက်နှင့် ပြန်ပြောကြပြီး၊ အကျိုးအကြောင်းမပါဘူး။  စသည့်လုပ်ရပ်တွေကြောင့် အချို့ ကုန်အမှတ်တံဆိပ်တွေ၊ ရပ်ကျော်၊ ရွာကျော်၊ နိုင်ငံကျော်တွေ ပိုမိုစန်းပွင့်သွားလေ့ရှိကြသလို၊ ပိုမိုစန်းကျသွားလေ့လည်း ရှိကြတယ်။  နည်းပညာခေတ်ကြီးထဲမှာ စန်းပွင့်ဖို့က အရမ်းလွယ်သလို၊ စမ်းကျဖို့လည်း မခက်ခဲပါဘူး။ အမြဲတမ်း စန်းပွင့်နေဖို့အတွက်ကတော့ မှန်ကန်တဲ့လုပ်ရပ်တွေနှင့်ပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

Jan 9, 2017

De Facto Professional

sagaing
ဒီကာတွန်းလေးကို မင်းဒင် (Min Din) fb ကနေတဆင့်ပြန်ကူးလာတာပါ။  အစက ရုတ်တရက်ကြည့်တော့ ဆရာကြီး ဦးဘဂျမ်းကာတွန်းမှတ်နေတာ၊ နောက်တော့ ရေးထားတဲ့စာဖတ်မိတော့မှ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဗဂျီအောင်စိုးရဲ့ ကာတွန်းဖြစ်နေမှန်းသိတယ်။  လူတော်တော်များများ ဒီကာတွန်းကို ဖတ်ပြီးသွားရင် မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံခြားသားတွေကသာ နှံ့နှံ့စပ်စပ်သိပြီး ကိုယ့်မြန်မာလူမျိုးကကြတော့ ဘာမှမသိဘူးဆိုပြီး တွေးမိကြလိမ့်မယ်။ ဒါလည်းဟုတ်တာပါပဲ လက်ခံပါတယ်။  သို့ပေသိ ကျွန်တော်တွေးမိတာက De Facto Leader ဆိုတဲ့စကားလုံးနှင့် ကျွန်တော်တို့တစ်တွေ ဖြတ်သန်းလာခဲ့တဲ့ ပတ်ဝန်းကျင်အကြောင်းပဲဖြစ်တယ်။  ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသတင်းဌာနအချို့ရဲ့သီတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို De Facto Leader ဆိုပြီးသုံးနှုံးသွားတာကို ကြိုက်လို့ ကျွန်တော်လည်း ကျွန်တော်တို့နိုင်ငံက ပညာရှင်တွေကို De Facto Professional လို့သုံးနှုံးလိုက်တာပါ။ ကာတွန်းလေးထဲက နိုင်ငံခြားသားတွေလို မြန်မာ့သမိုင်း၊ ဆိုင်း၊ ရုပ်သေး၊ ပန်းချီ စတာတွေနှင့်ပတ်သက်တဲ့ အကြောင်းတွေကို ထဲထဲဝင်ဝင်လေ့လာခဲ့တဲ့ လူတွေ ကျွန်တော်တို့နိုင်ငံမှာ ရှိခဲ့ပါတယ်။ ယခုအချိန်မှာလည်း ရှိနေဦးမှာပါပဲ၊ သို့သော် တော်တော်များများကတော့ အခုအချိန်မှာ De Facto Professional တစ်ယောက်အနေနှင့် ရပ်တည်နေမယ်လို့ထင်ပါတယ်။  ဘာလို့လည်းဆိုတော့ လူတွေရဲ့ လိုအပ်ချက်နှင့်ပတ်ဝန်းကျင်ရဲ့တောင်းဆိုမှုတွေကြောင့် မိမိလုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့မဖြစ်နိုင်တဲ့အခါမှာ လိုအပ်ချက်နှင့်ပတ်ဝန်းကျင်တောင်းဆိုမှုနောက်ကို လိုက်လုပ်ရင်း မိမိကျွမ်းကျင်တဲ့ အတတ်ပညာဟာ အခြားတစ်ခု ဖြစ်သွားတာကြောင့်ပဲဖြစ်ပါတယ်။  နောက်တော့ ပတ်ဝန်းကျင်ကြောင့်ပဲ၊ တကယ်လည်း လက်တွေ့ကျကျကျွမ်းကျင်ပြီး လုပ်ကိုင်နေတဲ့ ပညာရှင်တွေဖြစ်သွားတဲ့အတွက် De Facto Professional လို့သုံးနှုံးလိုက်တာပါ။  ဒီစကားလုံးကို အင်တာနက်မှာလည်း ရှာမတွေ့တော့ English လိုသုံးလို့ရမရတော့ မသိပါဘူး။  တိုးတက်နေတဲ့ နိုင်ငံတော်တော်များများမှာတော့ Professional တစ်ခုဆို တစ်ခုပဲ ထဲထဲဝင်ဝင်လေ့လာကြတယ်။ အစိုးရအနေနှင့်လည်း လိုအပ်ချက်တွေကို ထောက်ပံ့ပေးတယ်။ နောက်ပြီး အဲ့ဒီနိုင်ငံက လူတွေမှာ မည်သူ့ရဲ့ လွှမ်းမိုးမှုမှမရှိပဲ၊ မိမိကိုယ်ကို ယုံကြည်မှုနှင့် မိမိလုပ်ချင်တာကိုပဲလုပ်တဲ့ စိတ်ဓါတ်ရှိကြတယ်။  အဲ့ဒီစိတ်ဓါတ်ဟာ တကယ်ကောင်းပါတယ်၊ ကောင်းတယ်ဆိုတာက မှန်ကန်တဲ့အလုပ်တွေအတွက် ပြောတာပါ။  နိုင်ငံခြားသားတစ်ယောက် မြန်မာစာပေကို လေ့လာတယ်ဆိုတာ တကယ်လေ့လာချင်စိတ်ရှိလို့ လေ့လာတာဖြစ်တယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကလည်း ဒီလူလေ့လာသင့်တယ်လို့ ခံယူထားကြလိမ့်မယ်။ အခြားလွှမ်းမိုးမှု မရှိနိုင်ဘူး။  ကျွန်တော်တို့နိုင်ငံက လူတော်တော်များများမှာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ၊ လိုအပ်ချက်တွေနှင့် အချို့လည်း အဲ့ဒီကနေ တဆင့်ဖြစ်ပေါ်လာတဲ့ အကြောက်တရားတွေကြားထဲမှာ ကြီးပြင်းလာခဲ့ကြတဲ့သူတွေဖြစ်တယ်။ အဲ့ဒီတော့ ရွေးချယ်တဲ့ အလုပ်တွေမှာလည်း မိမိလုပ်ချင်တာထက် မိမိလုပ်သင့်တာတွေကိုပဲ ရွေးချယ်လုပ်လာကြတာပဲ ဖြစ်ပါတယ်။  အချို့လည်းလုပ်ရင်း ပျော်မွှေ့လာတာရှိသလို၊ အချို့လည်း ငြီးငွေ့လာတာလည်းရှိတယ်။  ကာတွန်းလေးထဲက ဦပညာဟာ နိုင်ငံခြားသားတွေရဲ့ ဟောပြောမှုကို သူအနည်းကျဉ်းနားလည်လိမ့်မယ် သို့သော် သူအသေးစိတ်တော့ နိုင်ငံခြားသားတွေလောက် သူမသိခဲ့ဘူး။  သို့သော် သူ့မှာလည်း ပတ်ဝန်းကျင်ကြောင့် သူ့တကယ် တတ်ကျွမ်းတဲ့ပညာတစ်ခုတော့ရှိနေမှာ မလွဲပါပဲ....

Dec 26, 2016

ဟန်ချက်ညီမှု (Balance)

sagaing
ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ စီးပွားရေးလုပ်နေတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေထဲမှာ တချို့က အောင်မြင်နေကြတယ်၊ တချို့က လုံးချာရိုက်နေကြတယ်၊ တချို့က လည်ပတ်နေကြတယ်၊ ဒါပေမယ့် တိုးတက်မှု ရှိသင့်သလောက်မရှိပဲ လုပ်ငန်းက တန့်နေကြတယ်၊ စသည်ဖြင့်ပေါ့လေ အမျိုးမျိုးတွေ့ရတယ်။  အဲ့ဒီမှာ ကျွန်တော် တွေးမိတာတစ်ခုက ဟန်ချက်ညီမှု (Balance) ဆိုတဲ့အကြောင်းပဲ ဖြစ်တယ်။  ဟန်ချက်ညီမှုမရှိရင် ဘယ်လုပ်ငန်းမဆို ရိုက်ခတ်မှု တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်နေမှာပဲ။  ဥပမာ စီးပွားရေးနှင့်ပတ်သတ်ရင် အဓိက ဟန်ချက်ညီမှုက ဝင်ငွေနှင့်ထွက်ငွေပဲ ဖြစ်တယ်။  စီးပွားရေးလုပ်တယ်ဆိုတာ အပျင်းပြေ ဂိန်းကစားတာ မဟုတ်တဲ့အတွက် မိမိလုပ်ငန်းမှာငွေ ဘယ်လောက်ဝင်နေတယ်၊  ငွေဘယ်လောက် ထွက်နေတယ်ဆိုတာ တိတိကျကျ သိဖို့လိုအပ်တယ်။  အဲ့လိုသိဖို့လည်း စာရင်းဇယားတစ်ခုထဲမှာ ဘယ်အပိုင်းက ငွေဘယ်လောက်ဝင်တယ်၊ ဘယ်နေရာကတော့ ငွေဘယ်လောက်ထွက်သွားတယ် စသည်ဖြင့် အသေးစိတ် ရေးမှတ်ထားရမယ်။  အဲ့လိုမလုပ်နိုင်တဲ့ စီးပွားရေးက လုံးချာရိုက်နေမှာပဲ ဖြစ်တယ်။  အဲ့လို လုပ်နိုင်ပေမယ့်လည်း တိုးတက်သင့်သလောက် မတိုးတက်ဘူး၊ ငွေလည်း တိုးမလာဘူး၊ ပုံမှန်လေးပဲ ဖြစ်နေတယ်ဆိုရင် နောက်ထပ် ဟန်ချက်ညီမှု တစ်ခုလျှော့ရဲ နေတဲ့သဘောဖြစ်တယ်။ အဲ့ဒါက ဖောက်သည်အသစ်တွေ တိုးလာအောင် စျေးကွက်ရှာဖွေမှုနှင့် လက်ရှိဖောက်သည်တွေလည်း မဆုံးရှုံးအောင် ထိန်သိမ်းတတ်မှု တို့ပဲဖြစ်တယ်။  ဖောက်သည် အသစ်တွေကြောင့် လုပ်ငန်းတိုးတက်ပြီး၊ ဝင်ငွေလည်းတိုးတက်လာမှာ ဖြစ်တယ်။  အဲ့ဒီလိုပဲ စျေးကွက်အသစ်တွေ ရှာဖွေတဲ့အတွက် ကုန်ကျစရိတ် (ထွက်ငွေ) လည်း တိုးလာမှာဖြစ်တယ်။  တကယ်တော့ ဟန်ချက်ညီမှုတွေက တစ်ခုနှင့်တစ်ခု ဆက်စပ်နေတာပဲဖြစ်တယ်။  နိုင်ငံတစ်နိုင်ငံမှာလည်း နိုင်ငံအလျှောက်၊ ဟန်ချက်ညီမှုတွေရှိတယ်၊ ဥပမာ အခုဆို ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းကနေ၊ ပြည်ပကိုရောင်းလို့ (Export) ရလာတဲ့ ဝင်ငွေကနည်းပြီး၊ ပြည်တွင်းလိုအပ်ချက်တွေကြောင့် ပြည်ပကတင်သွင်းတဲ့ (Import) ကုန်ပစ္စည်းတွေကြောင့် ထွက်ငွေကများနေတယ်၊ အဲ့ဒီတော့ နိုင်ငံခြားငွေ လိုအပ်ချက်မြင့်လာတယ်၊ ဒေါ်လာစျေးတက်တယ် စသည်ဖြင့် ဟန်ချက်ညီမှုတွေ ပျက်နေတယ်။  မိသားစု၊ အလုပ်၊ ကျမ္မာရေး၊ အပေါင်းအသင်း ဆိုတဲ့ဟန်ချက်ညီမှုကတော့ အဓိကအရေးပါတဲ့ ဟန်ချက်ညီမှုဖြစ်တယ်။ တကယ်တော့ ဒီဟန်ချက်ညီမှုတွေကို ထိန်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။  အပြောလွယ်သလောက် အလုပ်ခက်ဆိုသလိုပါပဲ။  လူတွေဟာ အတ္တနောက်ကို လိုက်နေသ၍ ဟန်ချက်ညီမှု တစ်ခုမဟုတ် တစ်ခုတော့ ပျက်နေဦးမှာပါပဲ။

Dec 19, 2016

Freedom Writers နှင့် အတွေးတချို့

sagaing

တစ်နေ့ညက အလုပ်တွေမလုပ်ခင် ၀ယ်လာတဲ့ VGA Adapter ကို Mac Book နှင့် Monitor ကိုချိတ်...၊ Download ချထားတဲ့ ဇာတ်ကားတစ်ကားကိုဖွင့်...၊ အဆင်ပြေလား မပြေဘူးလား စမ်းကြည့်ဦးမယ်ဆိုပြီး စမ်းကြည့်လိုက်တာ ဇာတ်ကားထဲကိုစိတ်က မျှောသွားပြီးအတွေးအချို့ ခေါင်းထဲဝင်လာတယ်။ ဇာတ်ကားနာမည်က Freedom Writers အဲ့ဒီ ဇာတ်ကားက 2007 မှာထွက်ခဲ့တဲ့ ဇာတ်ကား၊ ဒါပေမယ့် ဒီကားကို အခုမှ ကျွန်တော်ကြည့်ဖူးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လမ်းက လတ်ဆတ်နေတုန်းပဲ ဇာတ်ကားကို အစလေးကြည့်ပြီးတော့ ကိုယ်လုပ်မယ့်အလုပ်တွေကို မေ့သွားလောက်အောင် ဇာတ်လမ်းထဲမှာ လူက မျှောသွားတယ်။ သရုပ်ဆောင်တွေ အရမ်းကောင်းတဲ့ ဇာတ်အိမ်ကောင်းတစ်ခုဖြစ်ပြီး တကယ့်အဖြစ်အပျက် တစ်ခုကို အခြေခံရိုက်ထားတာ။ ဇာတ်လမ်းရဲ့ အဓိကကျောရိုးက Woodrow Wilson အထက်တန်းကျောင်း တစ်ကျောင်းက ဆိုးသွမ်းကျောင်းသားတွေနှင့် ဆရာမတစ်ယောက် အကြောင်းဖြစ်ပြီး၊ 1992 နောက်ပိုင်း ကိုအခြေခံပြီး ရိုက်ထားတာ၊ အမေရိကန်မှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ဂိုဏ်းတွေ အကြားမှာ ကြီးပျင်းခဲ့တဲ့ လူငယ်တွေတက်တဲ့ အထက်တန်းကျောင်းမှာ ဆရာမအသစ်တစ်ယောက်အဖြစ် တက်ကြွစွာရောက်လာတဲ့ Erin Gruwell ရဲ့ အကြောင်းဖြစ်တယ်။ အဲ့ဇာတ်ကားကို ကြည့်ရင်း ကျွန်တော်တို့ဆီမှာလည်း အဲ့လိုမျိုး ဆရာမ ရှိတော့ရှိမယ် ရှားလိမ့်မယ်လို့ တွေးမိတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ဆရာတွေ အရမ်းပေါများတဲ့ "တလွဲ ဆံပင်ကောင်း" နိုင်ငံကြီးပါလားလို့ စိတ်ထဲတွေးပြီး ပြုံးမိတယ်။ စဉ်းစားကြည့်လေ...ဆိုက်ကားဆရာ၊ ကားဆရာ၊ လက်သမားဆရာ စသည်ဖြင့် တခြား ဆရာ..ဆရာ...ဆရာတွေ အများကြီးရှိတယ်။ ဒါဆိုရင် ဆိုလိုတာက အတတ်ပညာတစ်ခုကို တဖက်ကမ်းခတ်တတ်လို့ "ဆရာ" ဆိုတဲ့စကားကို သုံးနှုံးတာလား...။ ဒါဆိုရင် "ဆရာ့ဝတ်" ဆိုတာက ဘယ်သူတွေနဲ့ သက်ဆိုင်လည်း...ပေါ့ အဲ့လိုတွေ တွေးမိတယ်။ အတတ်ပညာတစ်ခုခုကို သင်ပေးတဲ့သူကိုပဲ ဆရာခေါ်တာလား...။ ကျွန်တော့်အမြင်ကတော့ "ဆရာ့ဝတ်" အပြည့်အဝနှင့် စေတနာပါပါ လုပ်ပေးနိုင်တဲ့သူကိုသာလျှင့် ဆရာအဖြစ် သတ်မှတ်သင့်တယ်လို့ ယူဆတယ်။ Freedom Writers ထဲက Erin Gruwell ဟာ "ဆရာ့ဝတ်" နှင့်ပြည့်စုံပြီး စေတနာတကယ်ပါတဲ့ တကယ့်ဆရာမတစ်ယောက်ပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ၁၉၉၉ လောက်ကစပြီး ကွန်ပျူတာလောကထဲ မတောက်တခေါက်ပညာလေးနှင့် ၀င်လာပြီး နာမည်ကြီး သင်တန်းကျောင်း တစ်ခုမှာ ၂၀၀၅ လောက်ထိ နည်းပညာနှင့်ပတ်သတ်တာတွေ သင်ပေးခဲ့ဖူးတယ်၊ အသင်ခံရတဲ့လူတွေက ပညာသင်ပေးတော့ ဆရာလို့ခေါ်တာပေါ့။ သူတို့က ဆရာလို့ ခေါ်ပေမယ့် ကျွန်တော့်စိတ်ထဲ အခုအချိန်ထိ ကိုယ့်ကိုကိုယ် ဆရာတစ်ယောက်အဖြစ် မမှတ်ယူခဲ့ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ကိုယ်လေ့လာထားသမျှကို မချွင်းမချန် နားလည်၊ သဘောပေါက်အောင် စေတနာနှင့် မျှဝေတယ်၊ ပြောပြတယ် လို့ပဲကျွန်တော့်စိတ်ထဲမှာ မှတ်ယူထားလို့ ဖြစ်တယ်။ ကျွန်တော်ကလည်း ဒါပဲ တတ်နိုင်လို့ဖြစ်တယ်။ ကျန်တာတွေကတော့ မလုပ်သင့်၊ မလုပ်ထိုက်တာတွေကို ညီအစ်ကို၊ မောင်နှမတွေလို ပြောပြ၊ အကြံပေးတာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် လူဆိုတာ ဘယ်သူက ဘယ်လောက်ကောင်းတဲ့ အကြံပေးပေး၊ ကိုယ်လုပ်ချင်တာကိုမှ လုပ်ရတာကိုပဲ ကျေနပ်တဲ့လူတွေချည်းဆိုတော့။ ခဏတိုင်း၊ ဇွတ်တွန်းပို့၊ လမ်းညွှန် အဲ့လိုတွေတော့ မလုပ်နိုင်ခဲ့ဘူး။ ပြီးတော့ အခုခေတ်ကလည်း "ဆရာ့ဝတ်" အပြည့်အစုံနှင့် စေတနာပါပါသင်ပေးမှ ဆရာခေါ်မယ် ဆိုရင်လည်း ခေါ်ခွင့်ရမယ့်လူ အရမ်းရှားတဲ့ ခေတ်ဖြစ်နေတယ်။  ဒါပေမယ့် America က နာမည်ကြီး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ William Arthur Ward ရဲ့ “The mediocre teacher tells. The good teacher explains. The superior teacher demonstrates. The great teacher inspires.” ဆိုတဲ့စကားကတော့ အခုအချိန်အထိ ဆရာတွေအတွက်ကော၊ တပည့်တွေအတွက်ကော အရမ်းကို မှတ်သားစရာ အရမ်းကောင်းလှတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ပိုဆိုးတာက "ဆရာ့ဝတ်" မရှိပဲ မြှောက်ပင့်ချင်လို့ "ဆရာ" အခေါ်ခံရတဲ့ ဆရာတွေများလာတယ်။ နောက်ထပ်ပိုဆိုးတာက နည်းနည်းလေးတတ်တာနဲ့ "ဆရာ" အခေါ်ခံရလို့ မြှောက်သွားတဲ့ ဆရာတွေများလာတာရယ်၊ အဲ့ဒီထက် အဆိုးဆုံးကတော့ ကိုယ့်ဆန်ကိုစားပြီး၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို တကယ်လုပ်နေတဲ့ လူတွေ၊ ဆရာတွေကို အပြုသဘောဝေဖန်၊ အကြံပေးတာထက် နည်းနည်းသိပြီး ဆရာ့ "ဆရာကြီး" သွားလုပ်တဲ့(လုပ်ချင်တဲ့) လူတွေများလာတာတွေပဲ ဖြစ်ပါတော့တယ်။

ဆရာ့ဝတ် 
အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့
ဆရာတို့
ကျင့်ဖို့ ၀တ်ငါးဖြာ။


မှတ်ချက်။ ။Oct 4, 2015 တုန်းကရေးထားပြီး facebook မှာလည်းတင်ထားဖူးတဲ့ အကြောင်းအရာကို မှတ်တမ်းတစ်ခု အနေနှင့် ဘလော့ခ်မှာ သိမ်းထားချင်တဲ့အတွက် ပြန်တင်ရခြင်း ဖြစ်ပါသည်။

Sep 24, 2010

သာမာန်တွေးတောမှု

sagaing

နက်နဲ‌သော အ‌တွေး တစ်ခုကိုရဖို့ သာမာန် အ‌တွေး (သို့) အ‌ပေါ်ယံ အ‌တွေးတွေကို လွှင့်ပစ်ခဲ့ကြတယ်။  တစ်ခါတရံမှာ လွှင့်ပစ်ထားတဲ့ သာမာန် အ‌တွေး (သို့) အ‌ပေါ်ယံ အ‌တွေးတွေဟာ နက်နဲ‌သော အ‌တွေး တစ်ခုထက် ပိုပြီး တန်ဖိုးရှိ‌နေတတ်တယ်၊ ပိုပြီး ‌လေးနက်‌နေတတ်တယ်၊ ပိုပြီး အဓိပ္ပါယ်ပြည့်ဝ ‌နေတတ်တယ်။

ကိုစစ်ကိုင်း

Sep 19, 2010

ကကြီး၊ ယပလက် အတွေး

sagaing

("က"ကြီး အ‌တွေး)

‌တောက်! လူ‌တွေများ ‌တော်တော်ကို မ‌ကောင်းတာ ငါ့လိုမြန်မာစာရဲ့ မြန်မာစကားလုံး‌တွေထဲမှာ ပထမဆုံး‌နေရာ ရှိတဲ့သူကိုမှ ကုန်းကုန်းကွကွ ဖြစ်‌အောင် လုပ်ထားတယ် ငါမှာဒီလိုကြီး ‌နေရတာပင်ပန်းလှပြီ နှစ်‌ပေါင်းလည်း မနည်း‌တော့ပါဘူး ခါး‌တွေလဲ‌ညောင်းလှပြီ။ ဟွန်း! ဘာမဟုတ်တဲ့ "ယ" တို့များကြတော့ ‌ကျောခင်းပြီး အိပ်ချင်တိုင်း အိပ်‌နေတာ ငါ့မှာ‌တော့ လူ‌တွေတော်တော်များများရဲ့ အသုံးပြုတာကိုလည်းခံရနဲ့ လူ‌တွေကလဲ ကိုယ်ချင်းစာစိတ်ကို မရှိဘူး သူတို့သုံးတိုင်းသုံးတိုင်း ငါ့မှာ ကုန်းကုန်းပြရတာ ဘယ်‌လောက် ရှက်စရာ‌ကောင်းလဲ ငါတအားရှက်တာဘဲ အဟီးဟီးဟီ...."က" ဘဝကြီးကို ရုန်းထွက်ချင်လှပါပြီ ဝဋ္ဋ်ရှိသ‌ရွှေ့တော့ ခံရ‌ပေဦးမ‌ပေါ့ကွာ...‌တောက်!!!

("ယ"ပလက် အ‌တွေး)

ဘယ်နယ်ဗျာ! ခင်ဗျားတို့ဘဲ စဉ်းစားကြည့် မြန်မာစာ စကားလုံး‌တွေထဲမှာ ကျွန်‌တော်ဟာ အမြဲပက်လက်ကြီးနေနေရတယ် ‌ကျောကြီးဆန့်ပြီး လူမမာလို‌နေနေရတာ ကြာလှပြီ လူ‌တွေကလဲ ကျွန်‌တော့်ဆို "ဖုတ်‌လေတဲ့ငပိ ရှိ‌လေရဲ့လား" လို့‌တောင်ထင်ရတယ် ‌ပေးထားတဲ့နာမည်ကိုလဲ ကြည့်ပါဦး "ယပလက်" တဲ့ကြားကို မကြားချင်ဘူးဗျာ။ ပြီးတော့ပြောဦးမယ် ဟို‌ကောင် "က" ဒီ‌ကောင့်ကို ကြည့်မရတာကြာဘီ ထိပ်ဆုံးမှာ ‌နေတယ်ဆိုပြီး ဘဝင်မြင့် ‌နေလိုက်တာ ကျုပ်မှာ‌တော့ ဒီ‌ကောင့်လို ခါး‌လေးကုန်းပြီး ‌လေ့ကျင့်ခန်းလုပ်သလို ‌နေလို့မရတဲ့ဘဝ ကျွန်‌တော့်အဖြစ်က ဆိုးလွန်းပါတယ်ဗျာ အဟင့်ဟင့်...

ကိုစစ်ကိုင်း

မျက်ချေးမပြောင်ကြသူများ

sagaing

ပထမလူ။ ။ ဟား..ဟား..ဟား..ခင်ဗျား မျက်စိမှာ မျက်‌ချေးတွေနဲ့ ဟီး...ဟီး..ရီရတယ်ဗျာ ခင်ဗျားက...

ဒုတိယလူ။ ။ ဟ! ကျုပ်က မျက်နှာမှ မသစ်ရ‌သေးတာ မျက်‌ချေးရှိတာ ရီစရာလားဗျ...ခင်ဗျားကို ခင်ဗျားပြန်ကြည့်ဦး ခင်ဗျားက ကျုပ်ထက်အရင် မျက်နှာသစ်ထားပြီးသား အဝတ်အစား‌တွေကလည်း သပ်သပ်ရပ်ရပ်နဲ့ ဒါ‌တောင် မျက်စိမှာ မျက်‌ချေးတွေရှိ‌နေတာ မရွှံဘူးလားဗျာ... ခင်ဗျားကို ခင်ဗျားပြန်ရီဗျ! ကျုပ်က ရီစရာမ‌ကောင်းဘူး။ ခင်ဗျား.... မျက်နှာ‌သေချာမသစ်တတ်ရင် ကျုပ်သစ်ပြမယ် ခင်ဗျား..အ‌တော် ခက်တဲ့လူပဲ!

ကိုစစ်ကိုင်း

စကားလုံးနှင့် ထင်မြင်ချက်

sagaing

အထက်တန်း‌ကျောင်း တစ်‌ကျောင်း၏ အခန်းတစ်ခန်းတွင် ဆရာမက "စကားလုံးနှင့်ထင်မြင်ချက်" ဆို‌သော ‌ခေါင်းစဉ်ဖြင့် ကစားနည်းတစ်ခုကို ကစားရန်စီစဉ်‌နေသည်။ ကစားနည်းမှာ အခန်းထဲမှ ‌ကျောင်းသား/သူ တစ်‌ယောက်ကို အတန်း‌ရှေ့ထုတ်ပြီး ‌ကျောက်သင်ပုန်းတွင် အက္ခရာတစ်ခုကို ‌ရေးစေပြီး ထိုအက္ခရာ၏ စကားလုံးကိုမ‌ေပြာစေဘဲ တစ်ခြားကျောင်းသား/သူများရဲ့ ထင်မြင်ချက်ကို ထုတ်နှုတ်‌ေပြာဆို ‌စေခြင်းဖြစ်သည်။ ကစားနည်းစတင်ချိန်တွင်... ဆရာမက ‌ကျောင်းသားတစ်‌ယောက်ကို အတန်း‌ရှေ့သို့ ထုတ်လိုက်သည်နှင့် ထို‌ကျောင်းသားသည် မြေဖြုဖြင့် ‌ကျောက်သင်ပုန်းတွင် "က" (ကကြီး) ကို‌ရေးလိုက်သည်။ ဆရာမက အတန်းထဲရှိ ‌ကျောင်းသား/သူများကို တစ်‌ယောက်ခြင်းဆီ ထင်မြင်‌သော စကားလုံးကိုပြောစေသည်။

ကျောင်းသားတစ်‌ယောက်က...

သူ‌ရေးချင်တာ "ကား" ပါဆရာမ။

‌နောက်တစ်‌ယောက်က...

"ကိုယ်" ဖြစ်မှာပါ။

ဒီလိုနဲ့ တစ်‌ယောက်ခြင်းစီပြောကြရာ...

"ကဲသည်"၊ "ကိ‌လေသာ"၊ "ကိန်"၊ "ကိုး"၊ "ကုသသည်"၊ "ကျန်‌ကျောင်း"၊ "ကွီ"၊ "ကွမ်းယာ"၊ "‌ကောက်ညှင်း"၊ "ကြည့်"၊ "ကွိ"၊ "‌ကောကော"၊ "ကမ်းလှမ်း"၊ "ကျမ်းစာ"၊ "ကြမ်းပြင်"၊ "ကင်းကွာ"၊ "ကင်းရှင်း"၊ "ကယား"၊ "ကုလား"၊ "ကိုးကား"၊ "ကာယ"၊ "ကာရံ"၊ "ကာလ"၊ "က‌လေး"၊ "ကနုကမာ"၊ "‌ကျောက်‌ကျော"၊ "ကယ်တင်"၊ "ကွဲကွာ"၊ "ကွဲပြား"...စသည်ဖြင့် ‌ကျောင်းသား/သူများထင်မြင်ချက်အမျိုးမျိုးပြောဆိုပြီးနောက်...

အတန်း‌ရှေ့မှ ‌ကျောင်းသားက...

"အမှန်က ကျွန်‌တော်ရေးချင်တာ "ကသည်။" ဆိုတာဖြစ်ပါတယ်..."ဟု‌ပြောပြီး...

သူ့‌နေရာသူ ပြန်ထိုင်သွားပြီးနောက်...

ဆရာမက...

"ကဲ...သားတို့သမီးတို့ လူ့ဘဝမှာလည်း အခုလိုဘဲ စကားပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ်၊ အဓိကက‌တော့ စကား‌ပေါ့...စကားများ‌လေ‌လေ...ထင်မြင်ချက်‌တွေ များလာ‌လေ‌လေဘဲ။ ‌နောက်ပြီး စကားများ‌လေ‌လေ စကားများ‌လေ‌လေဘဲကွဲ့။ ဒါ‌ကြောင့် သားတို့သမီးတို့ ဘဝကိုဖြတ်သန်းတဲ့အခါမှာ စကား‌တွေကို ဖြစ်နိုင်ရင် နည်းနိုင်သမျှနည်း‌အောင်ပြောဆိုနိုင်ကြပါ‌စေ..."

ကိုစစ်ကိုင်း

Dec 1, 2009

ကျွန်တော့် ဒဿနများ

sagaing
ဒီ ဒဿန‌တွေဟာ ကျွန်‌တော့်ဘဝမှာ မြင်ခဲ့၊ ကြားခဲ့၊ ဖတ်ခဲ့ဖူးတဲ့ အ‌ပေါ်မှာ အ‌ခြေခံမှီငြမ်း ဖွင့်ဆိုထားခြင်းသာ ဖြစ်ပါသည်။

- အခွင့်အလမ်းဆိုတာ ကိုယ်နှင့်အနီးဆုံးမှာဘဲ ရှိတဲ့အရာမျိုးပါ။ အဲ့ဒီဟာကိုမြင်နိုင်ဖို့ ဘဝမှာ ‌ပေါ့‌ပေါ့‌လေးပဲ‌နေပါ။ ဒါဆိုရင်သင်မြင်ပြီ။

- ဘဝမှာ ‌အောင်မြင်ခြင်းဆိုတာ မျိုးမျိုးရှိတယ်၊ ‌ငွေ‌ကြေးပိုင်း၊ ပညာ‌ရေးပိုင်း၊ အနုပညာပိုင်း၊ အတတ်ပညာရှင်ပိုင်း စသည်ဖြင့်‌ပေါ့ အဲ့ဒီထဲက ဘယ်အပိုင်းမှာ ‌အောင်မြင်ချင်တာလဲဆိုတာ ‌သေ‌သေချာချာ သိဖို့လိုတယ်။ ‌အောင်မြင်ဖို့က‌တော့ မခက်ခဲပါဘူး ပြင်းပြတဲ့စိတ်နဲ့ ဇွဲ ရှိဖို့ဘဲ လိုတယ်။ ၎င်းစိတ်က အ‌ပေါ်ယံဘဲဆိုရင်‌တော့ တကယ်‌အောင်မြင်ချင်တဲ့ လူမဟုတ်‌သေးဘူးလို့ ‌ပြောလို့ရတယ်။

- မိဘဆိုတာ ဘဝမှာအ‌ရေးအပါဆုံး လူသားနှစ်‌ယောက်ပဲ။ မိဘကိုစိတ်ချမ်းသာ‌အောင်ထားရင် ကိုယ့်ဘဝမှာလည်း စိတ်ချမ်းသာစရာ‌တွေဘဲ ‌တွေ့ရမယ်။

- ပတ်ဝန်းကျင်မှာ ဆက်ဆံ‌နေတဲ့လူ‌တွေဆိုတာ ကိုယ့်ရဲ့ ကြည့်မှန်‌တွေလိုဘဲ ကိုယ်ပြုံးရင် သူပြုံးမယ် ကိုယ်မဲ့ရင်သူမဲ့မယ်။ အဲ့ဒီ‌တော့ ပြုံး‌နေရင် မ‌ကောင်းဘူးလား။

- သင့်ဘဝမှာ လက်ရှိအ‌ခြေအ‌နေထက် အဆင်‌ပြေချင်ရင် လက်ရှိ‌ခေတ်ကာလ၊ အချိန်နဲ့ကိုက်ညီတဲ့ ခံယူချက်မျိုးကို ‌ပြောင်းလဲပြစ်လိုက်ပါ။

- ဘဝမှာ အတန်းပညာကသင့်အတွက် အဆုံးအဖြတ်‌ပေးတာ မဟုတ်ဘူး၊ အသိဉာဏ်က အဆုံးအဖြတ်‌ပေးတာ။


- အချစ်ဆိုတာ ကိုယ့်ရဲ့ခံစားချက်‌ပေါ်မူတည်ပြီး ကိုယ်လိုတဲ့အဓိပ္ပါယ်ဖွင့်လို့ရတယ်။ Programming မှာသုံးတဲ့ Variable Name တစ်ခုလို‌ပေါ့ဗျာ။ ကြိုက်တဲ့တန်ဖိုး ထည့်လို့ရတယ်။  တစ်ခါတရံမှာ‌တော့ Default Value ဆိုတာ‌လေး အမြဲရှိ‌နေတတ်တယ်။

- အချစ်ကိုအရမ်းခံစားရင် ပိုပြီးခံစားရတယ်၊ ‌ပေါ့‌ပေါ့‌လေးပဲခံစားရင် အရမ်းကို ‌ပျော်ရွှင်စရာ‌ကောင်းတဲ့ အချစ်‌တွေခံစားရတယ်။

- ချစ်သူနှစ်ဦးမှာ တစ်‌ယောက်ကိုတစ်‌ယောက် နားလည်မှုသာရှိ‌နေရင် အချစ်ဟာအမြဲတမ်း တည်မြဲ‌နေမှာပါ။

- တခါတ‌လေအချစ်မှာ အမုန်း‌လေးနည်းနည်း‌လောက်‌တော့ ထည့်‌ပေးသင့်တယ်၊ ဒါဟာ အချစ်တိုး‌အောင်လုပ်တဲ့ နည်းလမ်း။

- ပထမဦးဆုံးအချစ်ဟာ သိပ်ပြီးမတည်ငြိမ်ဘူး၊ ဒုတိယ၊ တတိယ‌လောက်မှ အချစ်ဟာတည်ငြိမ်တာ။

- အချစ်ဟာ အစပိုင်းမှာ ‌ရေတံခွန်‌ပေါ်က ‌ရေ‌တွေကျလာသလိုပဲ၊ ‌နောက်‌တော့ အဲ့ဒီ‌ရေ‌တွေဟာ တဖြည်းဖြည်းတည်ငြိမ်စွာ စီးဆင်းသွားကြတာပါဘဲ။

ကိုစစ်ကိုင်း
ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.