Showing posts with label Blockchain. Show all posts
Showing posts with label Blockchain. Show all posts

Aug 7, 2023

XRP ရဲ့တစ်စိတ်တစ်ပိုင်း အောင်ပွဲ

sagaing

Photo:Credit

US Securities and Exchange Commission (SEC) က Ripple ကုမ္ပဏီ (XRP Token ဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီ) ကို 2020 ခုနှစ်မှာ အမှုဖွင့် တရားစွဲဆိုခဲ့တယ်။ အဓီက အကြောင်းအရင်းက ဘာလဲဆိုတော့ 2013 ခုနှစ်တုန်းက Ripple ကုမ္ပဏီဟာ XRP အတွက် Initial Public Offering (IPO) လုပ်တော့ XRP Token တွေကို Investor တွေဆီရောင်းချခဲ့တယ်၊ XRP Token က Security (ဥပမာ Stock ကဲ့သို့ ရောင်း/ဝယ်လုပ်နိုင်ပြီး ငွေကြေးကဲ့သို့ပိုင်ဆိုင်မှု) တစ်ခုဖြစ်နေလို့ SEC မှာ Register မလုပ်ထားပဲ IPO လုပ်ခဲ့တာကြောင့်လို့ စွပ်စွဲခဲ့တယ်၊ နောက်ပြီး IPO ကနေ XRP Token $1.3 ဘီလီယံနီးပါး ရောင်းချခဲ့တယ်လို့လည်း စွပ်စွဲခဲ့တယ်။  SEC ရဲ့ အမှုဖွင့်၊ တရားစွဲဆိုမှုတွေ မဖြစ်ခင်က XRP Token ကို Investor တော်တော်များများ စိတ်ဝင်စားကြတယ်။  ဒါကြောင့်လည်း IPO လုပ်တော့ XRP Token အတွက် Investment တွေအများကြီး Ripple ကုမ္ပဏီကရခဲ့တယ်။  2018 ခုနှစ်မှာ XRP အမြင့်ဆုံးဈေး US$3 ထိဖြစ်ခဲ့တယ်။  XRP Token ဆိုတာ Cryptocurrency တစ်ခုဖြစ်ပြီးတော့၊ Top 10 Cryptocurrency တွေထဲက တစ်ခုဖြစ်တယ်။  XRP Token ကို Global Payment အတွက် အသုံးပြုတယ်။  သူရဲ့အားသာချက်က Transaction Fee နည်းတယ် (Transaction တစ်ခုကို ပျမ်းမျှ $0.01 အောက်ပဲရှိတယ်။)၊ Speed မြန်တယ်၊ တစ်စက္ကန့်အတွင်းမှာ Transaction ပေါင်း 1500 ထိလုပ်နိုင်တယ်။  သို့ပေမယ့် SEC က Ripple ကုမ္ပဏီကို တရားစွဲဆိုတာတွေ လုပ်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးတဲ့နောက်ပိုင်း XRP Token ရဲ့ဈေးနှုံးဟာ $1 အောက်ထိ ကျဆင်းသွားခဲ့တယ်။  Ripple ကုမ္ပဏီ ဟာ ၂နှစ်ကျော်ကြာအမှုကို ရင်ဆိုင်ပြီးတဲ့နောက်မှာ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးကနေ “XRP Token က Security တစ်ခုမဟုတ်ဘူး။” ဆိုတဲ့အမိန့်ကို 13 July 2023 နေ့မှာချခဲ့တယ်။  ဒီအမိန့်ဟာ Ripple ကုမ္ပဏီအတွက် တစ်စိတ်တစ်ပိုင်း အောင်ပွဲဖြစ်ခဲ့သလို၊ XRP Token လက်ဝယ်ရှိထားတဲ့သူတွေအတွက်လည်း အောင်ပွဲဖြစ်ခဲ့တယ်။  Cryptocurrency ကိုစိတ်ဝင်စားတဲ့သူတွေအတွက်လည်း သတင်းကောင်းတစ်ခုဖြစ်ခဲ့တယ်။  တရားသူကြီးအမိန့်ချပြီး နောက်ရက်မှာပဲ XRP Token ဈေးနှုံးဟာ $0.47 ကနေ $0.80 ထိတက်သွားခဲ့တယ်။  2023 ခုနှစ်ထဲမှာ XRP Token ဈေးနှုံး US$3 အထက်တက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။  (Financial Advisor မဟုတ်ပါ၊ ဖတ်မိတဲ့သတင်းအချို့ကို အနှစ်ချုပ် မျှဝေခြင်းသာဖြစ်ပါသည်။)

Jun 21, 2022

El Salvador နှင့် Bitcoin

sagaing


(11/September/2021) နေ့က ဖဘမှာတင်ခဲ့တဲ့ Post ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ငွေကြေးစနစ်ဟာ နိုင်ငံရဲ့တည်ငြိမ်မှု၊ ဖွံဖြိုးတိုးတက်မှုပေါ်မူတည်ပြီးတော့ အပြောင်းအလဲဖြစ်လေ့ရှိတယ်။ နိုင်ငံမတည်မငြိမ်ဖြစ်ရင်၊ စီမံခန့်ခွဲမှုမကောင်းရင် ငွေကြေးလည်းဖောင်းပွလာပြီးတော့ နောက်ပိုင်း ရေရှည်မထိန်းချုပ်နိုင်တဲ့အခါမှာ နိုင်ငံရဲ့ငွေကြေးစနစ်ပြိုလဲသွားတဲ့အထိ ဖြစ်လေ့ရှိတယ်။ တချို့နိုင်ငံတွေဆို နိုင်ငံရဲ့ကိုယ်ပိုင်ငွေကြေးစနစ်ပြိုလဲသွားလို့ US$ ကိုပဲအသုံးပြုနေရတဲ့ နိုင်ငံတွေရှိတယ်။ Latin America မှာ အသေးဆုံးနိုင်ငံဖြစ်တဲ့ El Salvador နိုင်ငံဆိုရင် ပြည်တွင်းစစ်ပြီးလို့၊ နိုင်ငံသစ်တည်ဆောက်တဲ့အခါမှာ US$ ကိုနိုင်ငံရဲ့ငွေကြေးအနေနှင့် ၂၀၀၁ ခုနှစ်မှာ စတင်သုံးစွဲခဲ့တယ်။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့တွေ များတယ်၊ ပြည်ပထွက်တဲ့သူတွေ များတယ်၊ လဘ်စားမှုတွေများတယ်၊ ဒုစရိုက်မှုတွေ များတယ်၊ နေထိုင်မှုစရိတ်လည်း ကြီးမြင့်လာတယ်၊ ပြည်တွင်းမှာနေတဲ့သူ ၇၀% လောက်က ဘဏ်အကောင့်မရှိဘူး၊ US ရဲ့US$ ထိန်းချုပ်မှုတွေကလည်း ရှိတယ်။ အခုအဲ့ဒီနိုင်ငံက US$ မသုံးတော့ပဲ Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ကို နိုင်ငံရဲ့ငွေကြေးအဖြစ် 7/Sep/2021 နေ့ကစပြီးတော့ သုံးစွဲလိုက်ပြီ။ ဒါကြောင့် Mac Donal မှာ Burger တစ်လုံးဝယ်ရင် Bitcoin နှင့်ဝယ်လို့ရနေပြီ။ အစိုးရကလည်း Cryptocurrency နှင့်ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာပေးတာတွေ လုပ်နေပြီ။ ကမ္ဘာ့ပထမဆုံး နိုင်ငံရဲ့ငွေကြေးစနစ်ကို Cryptocurrency အသုံးပြုတဲ့နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားပြီ။ အလားတူ တချို့နိုင်ငံတွေလည်း ဗဟိုထိန်းချုပ်မှုမရှိတဲ့ Cryptocurrency ကိုပြောင်းသုံးဖို့ စဉ်းစားနေကြတယ်။ အချို့နိုင်ငံတွေကတော့ Cryptocurrency Exchange တွေကို နိုင်ငံထဲမှာတရားဝင်ခွင့်ပြုထားပြီးတော့၊ Stock တွေလိုမျိုး၊ Currency တွေလိုမျိုး အရောင်းအဝယ်လုပ်ခွင့်ပေးထားတယ်၊ အချို့နိုင်ငံတွေကတော့ Cryptocurrency ကို အရောင်းအဝယ်လုပ်ခွင့်မပြုပဲ တားမြစ်ထားတယ်။ မြန်မာအိမ်နီးချင်းနိုင်ငံတွေကတော့ နိုင်ငံနှင့်ကိုက်ညီတဲ့ ဥပဒေအချို့သတ်မှတ်ပြီးတော့ အရောင်းအဝယ်လုပ်ခွင့် ပြုထားတယ်။ မြန်မာနိုင်ငံမှာလည်း NUG အစိုးရတက်လာရင် အဲ့လိုဖြစ်ဖို့မျှော်လင့်တယ်။ တရုတ်နိုင်ငံကတော့ Bitcoin ကိုတားမြစ်ထားပြီးတော့၊ အစိုးရထိန်းချုပ်မှုအောက်ကနေ Digital Yuan ကိုစတင်အသုံးပြုနေတယ်၊ ပြီးတော့ တရုတ်ပညာရှင်တွေဖန်တီးထားတဲ့ ဗဟိုထိန်းချုပ်မှုမရှိတဲ့ Cryptocurrency VeChain ဆိုတာကိုတော့ တရုတ်အစိုးရက အားပေးထောက်ခံထားတယ်။ Cryptocurrency ကိုစိတ်ဝင်စားရင် တချို့ Cryptocurrency က Solution ကိုမိတ်ဆက်တဲ့အနေနှင့် Air Drop လို့ခေါ်တဲ့ အခမဲ့ပေးတာတွေ ရနိုင်တယ်။ ကိုယ်က ရေရှည်အတွက် ရင်းနှီးမြှုပ်နှံချင်လို့ ပိုက်ဆံပေးပြီး ဝယ်မယ်ဆိုရင်တော့ Top 10 Cryptocurrency တွေပဲ​ဝယ်သင့်တယ်၊ အခုဆိုရင် Bitcoin တစ်ကွိုင်ရဲ့ ဈေးနှုန်းက US$ 45000 နှင့်အထက် ရှိတယ်။ တစ်ကွိုင်လုံးမဝယ်ပဲ၊ $100 ဖိုးလောက်ဝယ်လည်းရတယ်၊ တချို့ကြတော့ Dollar-cost averaging (DCA) နှင့် လစဉ် (သို့မဟုတ်) နှစ်ပတ်ခြားတစ်ခါ $100 ဝယ်စုလေ့ရှိတယ်၊ Cryptocurrency တွေရဲ့ဈေးနှုန်းဟာ Bitcoin ဈေးအတက်အကျပေါ်လိုက်ပြီး အတက်အကျဖြစ်လေ့ရှိတယ်။ Cryptocurrency တွေဟာ Supply နှင့် Demand ပေါ်မူတည်ပြီး ဈေးနှုံးတွေ မတူနိုင်ဘူး။ နောက်ပေါ်တဲ့ Cryptocurrency တွေရဲ့ဈေးနှုံးဟာ Bitcoin ရဲ့တန်းကြေးလောက်ထိ တက်လာဖို့မလွယ်ဘူး။ ဘာလို့လဲဆိုတော့ Supply နှင့် Demand ကြောင့်မို့လို့၊ Supply နည်းပြီး Demand များတဲ့ Cryptocurrency မျိုးဆိုရင်တော့ Bitcoin ဈေးထက်တောင် ကျော်တက်ကောင်း ကျော်တက်နိုင်တယ်၊ ဒါပေမယ့် တချို့ Cryptocurrency တွေကြတော့ Supply ကို Trillions ပေါင်းမြောက်များစွာ သတ်မှတ်ထားတယ်။ ဒါကြောင့် တကွိုင်ရဲ့ ဈေးနှုံးက ဥပမာ $0.0010 စသည်ဖြင့် ဈေးရှိမယ်။ Bitcoin ရဲ့ Max Supply က 21 သန်းထိပဲ သတ်မှတ်ထားတယ်၊ လက်ရှိ Bitcoin 19 သန်းနီးပါး ထုတ်ပြီးသွားပြီ။ အဲ့ထဲမှာမှ Bitcoin 20% လောက်က Password ဖေါ်မရလို့၊ Laptop ပင်လယ်ထဲမြုတ်သွားလို့၊ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် လုံးဝ Locked ဖြစ်သွားတဲ့ ပမာဏကလည်း ရှိသေးတယ်၊ Cryptocurrency ကို Currency တစ်ခုလိုသတ်မှတ်ပြီး ခေါ်ကြပေမယ့်၊ နည်းပညာက Currency တစ်ခုထက်ပိုတယ်၊ နောက်ပိုင်းမှာ INTERNET အပေါ်မှာလွှမ်းခြုံသွားမယ့် နည်းပညာတစ်ခုဖြစ်တယ်။

Top 100 Cryptocurrency


Airdrop လိုချင်ရင်

Jun 19, 2022

Web 1.0 Web 2.0 Web 3.0

sagaing


ကျွန်တော်တို့ အသုံးပြုနေတဲ့ INTERNET က Web Technology တွေနှင့် အလုပ်လုပ်တယ်။ ဒါကြောင့် သူတို့ကို Generation အလိုက် Web 1.0 ၊ Web 2.0 ၊ Web 3.0 ဆိုပြီးတော့ ခေါ်ကြတယ်။ အခုဆိုရင် INTERNET ကို Third Generation (Web 3.0) Web Technology တွေနှင့် ပြောင်းလဲအလုပ်လုပ်ဖို့ ခြေလှမ်းပြင်နေပြီဖြစ်တယ်။ 

Web 1.0 ဆိုတာဘာလဲ။

First Generation ကို Web 1.0 လို့ခေါ်ကြတယ်။ INTERNET ကြည့်ဖို့ Netscape သို့မဟုတ် IE (Internet Explorer) ဆိုတဲ့ Software နှစ်ခုကို အဓိက အသုံးပြုခဲ့ကြတယ်။ (အနားယူသွားတဲ့ IE ကို ဂုဏ်ပြုပါတယ်။) Web 1.0 မှာ Website တွေဟာ Static တွေ အနေနှင့်ဖြစ်ပြီးတော့ Content အမျိုးအစားကလည်း စာတွေနှင့်ပုံတွေပဲ အဓိကပါတယ်၊ ဒါကြောင့် Website ထဲမှာပါတာကို ဖတ်လို့၊ ကြည့်လို့ပဲရတယ်။ Website ထဲက အကြောင်းအရာတွေနှင့် ပတ်သက်ပြီး ကိုယ့်အမြင်ကို Comment ရေးတာ၊ ဆဲတာ၊ ဆိုတာတွေ လုပ်နိုင်တဲ့ နည်းပညာ မရှိသေးဘူး။ ဒါကြောင့် Web 1.0 ကို Read Only Web လို့ခေါ်တယ်။ Website တွေဖန်တီးဖို့ HTML (Hyper Text Markup Language) ကို အဓိက အသုံးပြုခဲ့ကြတယ်။ ဖန်တီးထားတဲ့ Website ကိုလည်း INTERNET ပေါ်လူတိုင်း အလွယ်တကူ တင်လို့မရဘူး။ Web 1.0 တုန်းက ထင်ရှားခဲ့တဲ့ Website တစ်ခုဆိုရင် Yahoo ပဲဖြစ်တယ်။ 

Web 2.0 ဆိုတာဘာလဲ။

Web 2.0 ကို Blog ၊ Email ၊ Forum ဆိုတာတွေနှင့် စတင်ခဲ့တယ်။ စဆရက လုပ်ပြီး “ငါဟဲ့! စဆရက” ဆိုပြီး INTERNET ပေါ်မှာ ကိုယ်ပြောချင်တာ စတင်ပြီး ပြောလို့ရလာတယ်။ အဲ့ဒီအချိန်တုန်းက Blogger ဆိုတာ နည်းပညာသမားလိုလို၊ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို ဖြစ်ခဲ့တဲ့ခေတ်၊ Forum ထဲမှာ စဆရက လုပ်ပြီး နေရာတကာ ဝင်ပါလို့ရတဲ့ ခေတ်ပေ့ါ၊ အဲ့ဒီကနေ စလိုက်တာ facebook ၊ twitter ၊ messenger ၊ telegram အထိ အပြန်အလှန် အမြင်ချင်းဖလှယ်နိုင်တာ၊ စောက်ခွက်ကြည့်ပြီး အွန်လိုင်းကနေ ဆဲလို့ရတာအထိဟာ Web 2.0 နည်းပညာတွေကြောင့်ဖြစ်တယ်။ ဒါကြောင့် Web 2.0 ဟာ Read Only တစ်ခုတည်း မဟုတ်တော့ပဲ၊ INTERNET ပေါ်တက်ပြီး Write ချင်တာ Write လို့ရတဲ့အထိ ဖြစ်လာတယ်။ Web Hosting လုပ်တဲ့ Service တွေ၊ Cloud တွေ စသည်ဖြင့် အများအပြားရှိလာတယ်၊ ဒါကြောင့် Website ၊ Blog တွေကို အလွယ်တကူပဲ INTERNET ပေါ်တင်နိုင်လာတယ်။ ဒီလိုနှင့် INTERNET ထဲမှာရှိတဲ့ Data တွေက နေရာတစ်ခုတည်းကနေ အချက်အလက်တွေကို ပြန်လည်ဖြန့်ဝေပေးတဲ့ Centralized ပုံစံဖြစ်လာတယ်။ Website ဖန်တီးနိုင်တဲ့ နည်းပညာတွေလည်း အများအပြား ပေါ်ထွက်လာတယ်၊ အဲ့ဒီထဲမှာ Javascript Framework တွေကို အများဆုံး အသုံးပြုလာတာတွေ့ရတယ်။ Web 2.0 မှာ Data ရဲ့အရေးပါမှု၊ အသုံးဝင်မှု၊ Privacy ၊ Copyright စတာတွေနှင့် ပတ်သက်လို့ အလေးထားစရာ၊ စိုးရိမ်စရာတွေ အများကြီးရှိလာတယ်။ 

Web 3.0 ဆိုတာဘာလဲ။

Data နှင့်ပတ်သက်တဲ စိုးရိမ်စရာတွေကို Web 3.0 မှာဖြေလျှော့နိုင်လိမ့်မယ်၊ ဘာလို့လည်းဆိုတော့ Web 3.0 မှာ Data Processing Cycle ကို Blockchain Technology (သို့မဟုတ်) Decentralize Protocol ပေါ်မှာ အခြေခံထားလို့ဖြစ်တယ်။ Block ဆိုတာ Data အစုတစ်ခုဖြစ်ပြီးတော့၊ Block တစ်ခုဟာ၊ အခြား Block တစ်ခုနှင့် ချိတ်ဆက်ထားလို့ Blockchain လို့ခေါ်တယ်။ Blockchain ကို Database အနေနှင့် မြင်နိုင်တယ်။ Block တစ်ခုထဲက Data ဟာ Transaction တစ်ခုလည်း ဖြစ်နိုင်တယ်၊ Post တစ်ခုလည်းဖြစ်နိုင်တယ်၊ Comment တစ်ခုလည်းဖြစ်နိုင်တယ်၊ Computer Program Code လည်း ဖြစ်နိုင်တယ်၊ Medical Record တစ်ခုလည်း ဖြစ်နိုင်တယ်။ Block တစ်ခုဖန်တီးလိုက်ရင် Digital Signature တစ်ခုထုတ်တယ်၊ အဲ့ဒီ Digital Signature က၊ နောက် ဖန်တီးတဲ့ Block နှင့် ချိတ်ဆက်တယ်။ နမူနာ ဒီမှာ လုပ်ကြည့်လို့ရတယ်။ Blockchain ထဲရောက်သွားတဲ့ Data ကို ပြင်တာ၊ ဖျက်တာ အလွယ်တကူလုပ်လို့မရဘူး။ Blockchain နည်းပညာက Decentralized ပုံစံနှင့် Data တွေကို Distribute လုပ်ပေးတယ်၊ ဒါကြောင့်မို့ Web 2.0 မှာလို သီးသန့် Server ဆိုတာ မရှိတော့ပဲ၊ Node တွေ စုပေါင်းပြီးတော့ အလုပ်လုပ်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။ အဲ့ဒီ Node တွေကပဲ Blockchain Network ထဲက Process တစ်ခုကို အတည်ပြုတာ၊ ပယ်ဖျက်တာမျိုးတွေ လုပ်နိုင်တယ်။ Node ဆိုတာက အိမ်မှာသုံးနေတဲ့ ကွန်ပျူတာလည်း ဖြစ်နိုင်သလို၊ Cloud ပေါ်က Virtual Machine ကလည်း Node တစ်ခုဖြစ်နိုင်တယ်။ Computer တစ်လုံးကို Blockchain Network ထဲက Node တစ်ခုအနေနှင့် အသုံးပြုခွင့် ပေးထားတယ်ဆိုရင်၊ အဲ့ဒီအတွက် အခကြေးငွေအဖြစ် Cryptocurreny (သို့မဟုတ်) Token ရတယ်။ အဲ့ဒါကို အစိုးရထုတ်ငွေ (Fiat Currency) နှင့် Exchange လုပ်လို့ရတယ်။ လက်ရှိအသုံးပြုနေတဲ့ App တွေလည်း DApp (Decentralized Application) တွေ ဖြစ်သွားမယ်။ အထူးသဖြင့် App ရဲ့ နောက်ကွယ်က လုပ်ဆောင်ချက် (Backend) တွေ ပြောင်းသွားမှာဖြစ်တယ်။ ဥပမာ YouTube ကဲ့သို့ Odysee၊ DropBox ကဲ့သို့ FileCoin၊ Chrome ကဲ့သို့ Brave စသည့် App တွေက Blockchain အသုံးပြုထားတဲ့ App ဖြစ်တယ် (NUG Pay လည်း လာပြီလေ။)၊ Web 3.0 ထဲမှာ Blockchain နည်းပညာတစ်ခုတည်း ရှိတာမဟုတ်ဘူး။ AI (Artificial Intelligence)၊ ML (Machine Learning) ၊ VR (Virtual Relity) ၊ IoT (Internet of Things)၊ Cryptocurrency ကနေ Metaverse ဆိုတာထိ Web 3.0 ထဲမှာရှိမယ့် နည်းပညာတွေဖြစ်တယ်။ ဒါကြောင့် Web 3.0 ဟာ Write လုပ်နိုင်တာတစ်ခုတည်း မဟုတ်တော့ပဲ၊ ကိုယ် Write လုပ်လိုက်တဲ့ Data ကို ကိုယ်ပိုင်တာမျိုး ဖြစ်လာမယ်၊ Digital Assets ပိုင်ရှင်တွေဖြစ်လာမယ်၊ Open Data တွေ အများအပြားရှိလာမယ်၊ နည်းပညာတွေ ပေါင်းစပ်ထားပြီး Intelligent ဖြစ်တဲ့ Web 3.0 မကြာခင်မှာ ရောက်လာတော့မယ်။

Feb 25, 2017

Bitcoin နှင့် Blockchain ဆိုတာဘာလဲ

sagaing

Bitcoin ဆိုတာဘာလဲ။
Bitcoin ဆိုတာ အင်တာနက်ထဲမှာ အသုံးပြုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖြစ်ပါတယ်။  ကာဆီနိုတွေမှာ လောင်းကစားလုပ်ဖို့ ငွေကြေးနှင့်ကွိုင်ပြားကို လဲလှယ်ပြီးမှ ဆော့လို့ရသလိုမျိုးပဲ၊ အင်တာနက်ထဲမှာ ပစ္စည်းတစ်ခုခုကို ဝယ်ဖို့အတွက် ကြားခံအသုံးပြုတဲ့ အင်တာနက်ထဲက Coin ကို Bitcoin လို့ခေါ်ပါတယ်။  ၂၀၀၉ မှာ Bitcoin စတင်ပေါ်ပေါက်ခဲ့ပြီး၊ ၂၀၁၁ နောက်ပိုင်းမှာ ဥပဒေနှင့်မလွတ်ကင်းတဲ့ ပစ္စည်းတွေဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လက်နက် စသည်တို့ကို Silk Road လို့ခေါ်တဲ့ Website ကနေ Bitcoin ဖြင့် ကျယ်ကျယ်ပြန်ပြန့် အရောင်းအဝယ်ပြုလုပ်ခဲ့ကြတဲ့ သာဓကရှိတာကြောင့် ယခုအချိန်ထိ Bitcoin ကိုအသုံးပြုဖို့ လူတော်တော်များများ စိုးရွံ့နေလေ့ရှိပါတယ်။  သို့သော်လည်း တဖြည်းဖြည်းနှင့်ကျယ်ပြန့်လာတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖြစ်နေပါပြီ။ အင်တာနက်ထဲမှာ ရှိတဲ့ Bitcoin ကိုထိန်းချုပ်ထားတဲ့ ဘဏ်၊ ငွေကြေးအဖွဲ့အစည်း စသည့်ဗဟိုအဖွဲ့အစည်း ဆိုတာမျိုးတွေ မရှိပါဘူး။  အဲ့ဒါကြောင့် Bitcoin ဟာ တရားဝင်လား၊ မဝင်ဘူးလားဆိုတာကတော့ မေးခွန်းထုတ်စရာတစ်ခုပါ။  လက်ရှိအချိန်မှာတော့ နိုင်ငံတော်တော်များများမှာ တရားဝင်ကဲ့သို့သုံးစွဲနေပြီး၊ တစ်ချို့နိုင်ငံတွေမှာတော့ အငြင်းပွားစရာတစ်ခုအနေနှင့် ရှိနေဆဲပါ။ ဘယ်နိုင်ငံတွေမှာ တရားဝင်အနေနှင့် သုံးနေကြလည်း၊ ဘယ်နိုင်ငံတွေမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေလဲဆိုတာ CNN Money ကဖေါ်ပြထားတဲ့  ဒီမြေပုံမှာ မြင်တွေ့နိုင်ပါတယ်။  Bitcoin နှင့်ပတ်သက်ပြီး နိုင်ငံအလိုက် ဥပဒေကြောင်းအရ ရှုမြင်မှုတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။  Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်တာကြောင့်၊ ကာဆီနိုမှာအသုံးပြုတဲ့ Coin ပြားကဲ့သို့ ပုံပန်းသဏ္ဌာန်လည်းမရှိသလို၊ ငွေစက္ကူတွေလို ပုံနှိပ်ထားတာမျိုးလည်း မဟုတ်ပါဘူး။  Bitcoin ကို Cryptocurrency လို့လည်း ပြောနိုင်ပါတယ်။ Bitcoin အပြင်အခြား Cryptocurrency တွေလည်းရှိပါတယ်၊ ၄င်းတို့ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။  Cryptocurrency ဖြစ်တာကြောင့် Bitcoin မှာ Hashing လို့ခေါ်တဲ့ အချက်အလက်ကို လျှို့ဝှက်စာအဖြစ်ပြောင်းလဲသိမ်းဆည်းတဲ့နည်းလမ်းကိုအသုံးပြုထားပြီး လူတစ်ဦးမှ၊ အခြားလူတစ်ဦးဆီကို အင်တာနက်မှတဆင့် လွှဲပြောင်းပေးပို့တဲ့အခါမှာလည်း လက်ခံတဲ့သူဆီမှာ အဲ့ဒီလျှို့ဝှက်စာကိုချိတ်ဆက်နိုင်တဲ့ သတ်မှတ်ထားတဲ့လျှို့ဝှက်စာရှိမှသာလျှင်လက်ခံနိုင်အောင် ဖန်တီးထားတဲ့ ငွေကြေးပုံစံဖြစ်ပါတယ်။  ဒါကြောင့် Bitcoin ဖြင့် အရောင်းအဝယ်လုပ်ခြင်းကို P2P (Peer to Peer) Transaction လို့လည်းပြောကြပါတယ်။  အင်တာနက်ထဲမှာ Bitcoin ဖြင့်ရောင်းတဲ့ ပစ္စည်းတစ်ခုကိုဝယ်ဖို့ မိမိမှာရှိတဲ့ ငွေကြေး (ဥပမာ USD, EUR စသည်ဖြင့်) ကို Bitcoin ဖြင့်ပြောင်းလဲပြီးမှ ဝယ်လို့ရပါတယ်။  အဲ့လိုဝယ်ယူတဲ့အခါမှာ ပုံမှန်ငွေပေးချေမှုပုံစံတွေကဲ့သို့ ဖြစ်ပေမယ့်၊ Bitcoin နှင့်ပေးချေရင်တော့ ဘဏ်၊ ငွေကြေးအဖွဲ့အစည်း၊ စသည့်ကြားခံအဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ပိုမိုသက်သာသည့်နှုန်းထားဖြင့် ငွေပေးချေနိုင်ခြင်းက သူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ Bitcoin ကိုလဲလှယ်နိုင်တဲ့ ငွေကြေးတန်ဖိုးနှုန်းထားဟာ အခြားငွေကြေးတွေကို လဲလှယ်နိုင်တဲ့ နှုန်းထားတွေကဲ့သို့ အမြဲပြောင်းလဲနေပါတယ်။  Bitcoin နှင့် USD ငွေကြေးလဲလှယ်မှုနှုန်းထားကို Google မှာ ယခုလို တွေ့နိုင်ပါတယ်။  Bitcoin ဟာ အခြားငွေကြေးတွေကဲ့သို့ သူ့မှာလည်း ယူနစ်သက်မှတ်ချက်တွေရှိပါတယ်။  ဥပမာ။ 100μBTC ကို 100 microbitcoin လို့ခေါ်ပြီး 0.0001BTC (BTC=Bitcoin) နှင့်တန်ဖိုးတူတယ်။  100μBTC ကို USD ပြောင်းရင် 0.11USD ရပါတယ်။  Bitcoin နှင့်ပတ်သက်တဲ့ ယူနစ်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။  Bitcoin ကနေ အခြားငွေကြေးတွေကို ပြောင်းလဲကြည့်ချင်ရင် ဒီနေရာမှာ ပြောင်းလဲကြည့်လို့ရပါတယ်။  Bitcoin ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ဖန်တီးခဲ့တာကတော့ Software Developer တစ်ယောက်လို့ဆိုတဲ့ Satoshi Nakamoto ဖြစ်ပါတယ်။  သို့သော် သူဟာဘယ်သူလည်း၊ လူတစ်ယောက်ကိုရည်ညွှန်းတာလား၊ အဖွဲတစ်ဖွဲ့ကိုရည်ညွှန်းတာလား ဆိုတာကိုတော့ ယခင်ကဘယ်သူမှ သေချာစွာ မသိခဲ့ကြပါဘူး။  သို့သော် ၂၀၁၆ မေလက BBC သတင်း တစ်ခုမှာတော့ သြစတြေးလျနိုင်ငံသား Programmer တစ်ယောက်ဖြစ်တဲ့ Craig Wright ဆိုသူက၊ သူဟာ Nakamoto ဖြစ်ပြီး Bitcoin ကို တီထွင်ခဲ့တဲ့သူလို့ ဝန်ခံပြောကြားခဲ့ပါတယ်။  သို့ပေမယ့် Wright ထုတ်ဖေါ်ပြောကြားခဲ့တဲ့ အထောက်အထားအချို့က လုံလောက်မှုမရှိတာကြောင့် Wright ကို Bitcoin သုံးစွဲနေကြတဲ့ အဖွဲ့အစည်းတွေက ပိုပြီးတိကျသေချာတဲ့ အထောက်အထားတွေပြဖို့ တောင်းဆိုထားပါတယ်။

အောက်ဖေါ်ပြပါပုံမှာ Bitcoin ဖြင့် ပစ္စည်းဝယ်ပြီး ငွေပေးချေနေပုံဖြစ်ပါတယ်။

Bitcoin ကိုဘယ်လိုထုတ်လုပ်လဲ။

Bitcoin ထုတ်လုပ်ဖို့ရန် ကွန်ပျူတာမှာ လိုအပ်တဲ့ ဟာ့ဒ်ဝဲလ်နှင့်ဆော့ဒ်ဝဲလ်တွေကို ထည့်သွင်းတပ်ဆင်ပြီး ထုတ်လုပ်နိုင်ပါတယ်။ သို့သော်အလွယ်တကူ ထုတ်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ Bitcoin တွေထုတ်လုပ်ခြင်းဆိုတာထက် Bitcoin Mining (တူးဖေါ်ခြင်း) လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ Bitcoin Mining လုပ်ဖို့ ဘယ်လိုစတင်ရမလဲ၊ ဘာတွေလိုအပ်မလဲ ဆိုတာကိုတော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ Bitcoin တွေရအောင်တူးဖေါ်တဲ့အခါမှာ တစ်ဦးတစ်ယောက်တည်း တူးဖေါ်ခြင်းဟာ ကုန်ကျစရိတ်များတဲ့အပြင်၊ Bitcoin လည်းအများအပြားမရနိုင်တဲ့အတွက် Bitcoin mining pool လို့ခေါ်တဲ့ Bitcoin တူးဖေါ်တဲ့ အဖွဲ့တွေနှင့် အကျိုးတူ၊ ပူးပေါင်းတူးဖေါ်ခြင်းဟာ ကုန်ကျစရိတ်သက်သာတဲ့အပြင်၊ Bitcoin လည်းအများအပြားရနိုင်သလို၊ အတွေ့အကြုံတွေလည်း ဖလှယ်နိုင်ပါတယ်။  Bitcoin mining pool အကြောင်းနှင့် ပေါ်ပြူလာဖြစ်တဲ့ mining pool အဖွဲ့တွေအကြောင်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။  Bitcoin ကိုတူးဖေါ်တဲ့အခါမှာ Bitcoin တွေကိုသိမ်းစည်းဖို့ (သို့) လက်ခံဖို့ Bitcoin Wallet တစ်ခုရှိရပါမယ်။ Bitcoin Wallet ဆိုတာ e-Wallet ဖြစ်ပါတယ်။  လက်ရှိကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသုံးပြုနေတဲ့ Mobile Wallet ကဲ့သို့သော Application တစ်ခုဖြစ်ပါတယ်။

Bitcoin ကို Mining မလုပ်ပဲ ဘယ်လိုရနိုင်လဲ။

Bitcoin ကို Mining မလုပ်ပဲ အခြားနည်လမ်းတွေနှင့်လည်း ရနိုင်ပါတယ်။  အခြားနည်းလမ်းတွေဆိုတာ တချို့အလုပ်တွေကို အွန်လိုင်းကနေလက်ခံပြီး လုပ်ပေးကြတဲ့အခါမှာ၊ လုပ်အားခအတွက် ငွေပေးချေမှုကို အခြားငွေကြေးတွေနှင့်ပေးချေမှု မပြုလုပ်ပဲ Bitcoin နှင့်ငွေပေးချေမှုပြုလုပ်ကြတာကြောင့် ၄င်းမှတဆင့်ရနိုင်တာမျိုးဖြစ်ပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုက အွန်လိုင်းမှာ ငွေကြေးတွေရဲ့အတက်အကျပေါ်မူတည်ပြီး (EUR, USD, SGD, CNY, JPY) စသည့်ငွေကြေးတွေကို Trading လုပ်လို့ရပါတယ်။  ငွေကြေးတွေကို Trading ပြုလုပ်ခြင်းကို ForeX (Foreign Exchange) Trading လို့ခေါ်ပါတယ်။  ForeX Trading မှာ Bitcoin ကိုလည်း Trading လုပ်နိုင်ပါတယ်။ Bitcoin ကို BTC အနေနှင့် ForeX Trading လုပ်တဲ့ Website တွေမှာ တွေ့နိုင်ပါတယ်။  Bitcoin ကို ForeX Trading လုပ်ခြင်းအားဖြင့်လည်း ရနိုင်ပါတယ်။  Bitcoin အခမဲ့ရနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ အခမဲ့ရတယ်ဆိုပေမယ့်၊ မိမိ၏အချိန်ပေးလိုက်ရတာမျိုး ဖြစ်နိုင်သလို၊ Online Gambling Website တွေကနေ လောင်းကစားဖို့ စိတ်ပါလာအောင် အနည်းအကျဉ်းပေးပြီး ဆွဲဆောင်တာမျိုးတွေလည်း ရှိပါတယ်။ တနည်းနည်းနှင့် ရလာတဲ့ Bitcoin တွေကိုလက်ခံဖို့အတွက်ကတော့ မိမိမှာ Bitcoin Wallet တစ်ခုရှိဖို့တော့လိုပါတယ်။  Bitcoin ရနိုင်တဲ့နည်းလမ်းတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။  Bitcoin ဘယ်လိုအလုပ်လုပ်လည်းဆိုတာ အလွယ်တကူနားလည်နိုင်မယ့် ပုံစံဖြင့် ဒီနေရာမှာ ရှင်းပြထားတာကိုဖတ်ရှုနိုင်ပါတယ်။  Bitcoin Wallet တွေကို ဒီနေရာကနေ Download လုပ်လို့ရပါတယ်။  Play Store နှင့် App Store တွေကလည်း ရှာဖွေပြီး Download နှင့် Install လုပ်လို့ရပါတယ်။

အောက်ဖေါ်ပြပါပုံကတော့ နာမည်ကြီး Bitcoin Wallet တွေဖြစ်ပါတယ်။


Blockchain ဆိုတာဘာလဲ။

Bitcoin နည်းပညာနှင့်အတူ Blockchain နည်းပညာဆိုတာလည်း ပေါ်ထွက်လာပါတယ်။  Bitcoin ကိုအသုံးပြီး အရောင်းအဝယ်တစ်ခုကို ပြုလုပ်ပြီးတဲ့အခါမှာ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်နေ့က၊ Bitcoin တန်ဖိုး ဘယ်လောက်လွှဲလိုက်တယ် စသည့် အချက်အလက်၊ စာရင်းတွေကို မှတ်သားထားတဲ့ လယ်ဂျာကို Blockchain လို့ခေါ်ပါတယ်။  Bitcoin နှင့် Transaction တစ်ခုလုပ်ပြီးရင် အဲ့ဒီ Transaction ဟာမှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း၊ အတည်ပြုခြင်း (Authentication) ကို Bitcoin အသုံးပြုတဲ့ အသိုင်းအဝိုင်း (Network) ကနေ မှန်ကန်ကြောင်း ထောက်ခံမှု (Approve) ပြုလုပ်ပေးပါတယ်။  Approve ဖြစ်သွားတဲ့ Transaction တစ်ခုဟာ Block (သို့) File တစ်ခုဖြစ်ပါတယ်။  ၄င်း Approve ဖြစ်သွားတဲ့ Transaction ကို လယ်ဂျာထဲမှာ မှတ်သားထားခြင်းဖြင့် Blockchain ဖြစ်တည်နေပါတယ်။ Blockchain ကို တစ်နေရာထဲမှာ သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ Bitcoin Network ထဲမှာ ဖြန့်ဝေမှု (Distribute) ပြုလုပ်ပြီး သိမ်းဆည်းထားတာဖြစ်ပါတယ်။  Network ထဲမှာဖြန့်ဝေပြီး သိမ်းဆည်းတာကြောင့် အပြန်အလှန်ဖြန့်ဝေထားတဲ့လယ်ဂျာ (MDL = Mutual Distributed Ledger) လို့လည်းခေါ်ဆိုနိုင်ပါတယ်။  Approve ဖြစ်သွားတဲ့ Transaction ကို ယခင် Transaction ရဲ့နောက်မှာထပ်ထည့်ပြီး Blockchain ထဲမှာ မှတ်သားထားပါတယ်။ Blockchain ထဲမှာ Block (သို့) File တွေဟာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး၊ အမြဲတိုးပွားနေတာကြောင့် Blockchain ကို Database တစ်ခုအနေနှင့်မြင်နိုင်ပါတယ်။  နောက်ပြီး Blockchain ထဲက Block ထဲမှာ Cryptography Sign (သို့) Digital Signature လို့ခေါ်တဲ့ လက်ခံနှင့်ပို့သူအတွက် မှန်ကန်ကြောင်းအထောက်အထားပါဝင်သလို၊  Blockchain ထဲမှာရှိတဲ့ Block တွေတစ်ခုနှင့်တစ်ခုကို ချိတ်ဆက်တဲ့အခါမှာ Hashing Function ကိုအသုံးပြုပြီး ချိတ်ဆက်ထားပါတယ်။  Hashing နှင့် Encryption အကြောင်းကိုလေ့လာချင်ရင် ဒီနေရာမှာ ကျွန်တော်ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။ Blockchain ကို Open Decentralized Database လို့လည်းခေါ်ကြပါတယ်။ တစ်ဦးတစ်ယောက်တည်း ထိန်းချုပ်ထားတဲ့ Database မဟုတ်တာကြောင့် Open Database လို့ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။  Bitcoin Network ထဲမှာ ယခင်ကလုပ်ခဲ့တဲ့ Transaction တွေနှင့် နောက်ဆုံးလုပ်ခဲ့တဲ့ Transaction အချက်အလက်တွေရဲ့ Blockchain ကို ဒီနေရာမှာ မြင်တွေ့နိုင်ပါတယ်။  Bitcoin နှင့်အခြား Cryptocurrency တွေရဲ့ Blockchain ထဲက Transaction အချက်အလက်တွေကို ကြည့်ချင်ရင် ဒီနေရာမှာ တွေ့နိုင်ပါတယ်။ အချက်အလက်တွေထဲမှာ Key နှင့် Hash တွေကိုဖတ်လို့မရတဲ့ စာသားတွေအနေနှင့် မြင်တွေ့ရမှာဖြစ်ပါတယ်။  အဲ့ဒီ Key နှင့် Hash တွေဟာ Transaction လုပ်ခဲ့တဲ့သူတွေနှင့်သက်ဆိုင်တဲ့ အထောက်အထား (Identity) တွေဖြစ်ပြီး၊ Blockchain ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။  Blockchain နည်းပညာကို FinTech Industry ကဲ့သို့ ငွေကြေးနှင့်ပတ်သက်တဲ့လုပ်ငန်းတွေမှာသာမက အခြားလုပ်ငန်းတွေမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။  ဥပမာ။ ကျမ္မာရေးထောက်ခံချက်၊ အွန်လိုင်းမဲပေးခြင်း၊ အရောင်းအဝယ် အွန်လိုင်းစာချုပ်၊ အွန်လိုင်း ထောက်ခံစာ စသည်တို့ဖြစ်ပါတယ်။

အောက်ဖေါ်ပြပါပုံဟာ Blockchain ဘယ်လိုအလုပ်လုပ်လည်းဆိုတဲ့ပုံ ဖြစ်ပါတယ်။


Blockchain နည်းပညာအသုံးပြုထားတဲ့ နာမည်ကြီး Trading နှင့် Investment Website တွေဖြစ်ပါတယ်။

Blockchain Ecosystem ပုံဖြစ်ပါတယ်။


ဆက်စပ်လေ့လာနိုင်မယ့်လင့်ခ်များ
Bitcoin Official Website
အခြေခံ Bitcoin အကြောင်း
Blockchain နည်းပညာအကျဉ်းချုပ်
Blockchain အကြောင်း
ကျွန်တော်တို့ အနာဂတ်ကိုပုံဖေါ်နေတဲ့ Blockchain Application (၅) မျိုး
ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.